“အခုချိန်က စစ်ခေါင်းဆောင်မင်းအောင်လှိုင်က နောက်ဆုံးအခြေအနေရောက်နေပြီ။ ကမ္ဘာမီးလောင်၊ သားတောင်ချနင်း၊ အဲဒီလို ကိုယ့်တပ်ကိုယ်ပြန်နင်းရတဲ့ ဘဝရောက်သွားပြီ”

စစ်ခေါင်းဆောင်ယုံကြည်စိတ်ချရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းအပါအဝင် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဗိုလ်ချုပ်ရန်နောင်စိုး၊ စီးပွားကူးသန်းဒုဝန်ကြီး ဦးညွန့်အောင်တို့ကို အဂတိလိုက်စားမှု၊ နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုတို့နဲ့ နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးစစ်ဆေးနေတာပါ။ စစ်တပ်အကြီးပိုင်းတွေရဲ့ အဂတိလိုက်စား မှုတွေကို ဘယ်လိုပုံစံတွေနဲ့ အရေးယူသွားမလဲဆိုတဲ့အပေါ် ပြည်သူထုအတွင်း စိတ်ဝင်စားမှုတွေ မြင့်တက်နေသလို တပ်တွင်းပြိုကွဲမှု ဖြစ်လာနိုင်မလားဆိုတဲ့ မေးခွန်းတွေလည်း ရှိနေပါတယ်။

ဒါကြောင့် စစ်ဗိုလ်ချုပ်တွေကို အဂတိလိုက်စားမှုနဲ့ စစ်ဆေးမှုအခြေအနေ၊ တပ်တွင်းဖြစ်ပေါ်လာနိုင်တဲ့ ကိစ္စရပ်တွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အနေနဲ့ ဘာတွေ လုပ်ဆောင်ဖို့ လိုအပ်လဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဝါရင့်တရားလွှတ်တော် ရှေ့နေကြီး ဦးကြီးမြင့်နဲ့ ဆက်သွယ်မေးမြန်းချက်။

 ၁။ အရင်ဆုံး စစ်ခေါင်းဆောင် ယုံကြည်စိတ်ချရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းအပါအဝင် သူအဖွဲ့ဝင်တွေကို အဂတိလိုက်စားမှုနဲ့ စစ်ဆေးနေတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။ စစ်ခေါင်းဆောင်အနေနဲ့ ဘာတွေ လုပ်လာနိုင်လဲ။

ဗိုလ်နေဝင်းလည်း အဲဒီလိုလုပ်တယ်။ သန်းရွှေလည်း လုပ်တယ်။ အများအားဖြင့် အဂတိနဲ့အရေးယူတာပဲ။ တကယ်တမ်းကျ နိုင်ငံရေးကနေဖယ်တာပဲ။ အခုလည်းပဲ မင်းအောင်လှိုင်က အဂတိနဲ့ဖယ်ဦးမှာ။ ဒါပေမယ့် မင်းအောင်လှိုင်ဖယ်တာက အရင်လူတွေနဲ့မတူဘူး။ အရင်လူတွေက နိုင်ငံရေးအရ လိုအပ်လို့ဖယ်တာ။  အခုချိန်က မင်းအောင်လှိုင်က နောက်ဆုံးအခြေအနေရောက်နေပြီ ကမ္ဘာမီးလောင်၊ သားတောင်ချနင်း။ အဲဒီလို ကိုယ့်တပ် ကိုယ်ပြန်နင်းရတဲ့ ဘဝရောက်သွားပြီ။ အဲဒီလိုပြန်မရှင်းနိုင်ရင် ဟိုတုန်းကဟာတွေကထားခဲ့တော့။ အခုကဘယ်လိုမှ ကုန်ဈေးနှုန်းတွေက ထိန်းမရ၊ ဒေါ်လာတွေကလည်းကမောက်ကမ၊ စီးပွားရေးတွေကကျ၊ ရှေ့တန်းတိုက် ပွဲတွေကလည်းရှုံး။ အဲဒီကြားထဲ သူ့လူတွေကလည်းဖောက်ပြန်ဆိုတော့ အဲဒါတွေ ကိုယ့်တပ်ကိုယ်ပြန်နင်း ပြီးတော့ ကမ္ဘာမီးလောင် သားတောင်ချနင်းရတဲ့ ကိန်းဆိုက်တာပဲ။ အဲဒါပါပဲ အချုပ်ကတော့။

၂။ စစ်ဗိုလ်ချုပ်တွေရဲ့ အဂတိလိုက်စားမှုသတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်လာပြီးဆိုတော့ တပ်တွင်း ဘာတွေဆက်ဖြစ်လာနိုင်လဲ။

တပ်ကပြိုပြီလေ။ ဖဒိုစောတောနီးကပြောတယ်လေ။ စစ်တပ်ခြေကုပ်စခန်းကိုသိမ်းတာ။ လက်နက်တွေ ကားတစ်စီးနဲ့ရတယ်။ လူ ၃၀ တပ်စွဲတဲ့ စခန်းက ၂၅မိနစ်ပဲကြာတယ်တဲ့ ထွက်ပြေးတာ။ ဒီတော့စဉ်းစားကြည့်ဦး။ ဘက်ပေါင်းစုံပဲလေ။ သူတို့က အကုန်ရှုံးပဲ။ လိုင်ဇာလည်း မကပ်နိုင်ဘူး။ ကယားဆိုလည်း ဒီအတိုင်းပဲ။ ချင်း ဆိုလည်း ဒီအတိုင်းပဲ။ ပဲခူးရိုးမနားရောက်လာပြီ။ နေပြည်တော်နားရောက်လာပြီနော်။

၃။ စစ်တပ်တွင်း အဂတိလိုက်စားမှု ဂယက်ထနေတဲ့အချိန်မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အနေနဲ့ ဘာတွေ လုပ်ဆောင်ဖို့လိုအပ်လဲ။

တော်လှန်ရေးအဖွဲ့တွေကတော့ စစ်ဆင်ရေးမို့လို့သာ အခွင့်ကောင်းယူသင့်တာပေါ့။ စစ်ဆင်ရေးကို အရှိန်မြင့်ရမယ့်အစား စစ်တိုက်နေတဲ့သူတွေကို သွားပြီးတော့ ပါဝါနဲ့သွားပြီးတော့ ငါ့ထဲကိုဝင်မဝင်ရင် ငါက မထောက်ပံ့ဘူးဆိုပြီး အခုချိန်သွားလုပ်နေတယ်။ အခုချိန်ကအဲဒါတွေလုပ်ရမယ့် အချိန်မဟုတ်ဘူး။ မင်းလည်းတိုက်၊ ငါ လည်းတိုက်၊ အဲဒီလိုဝိုင်းတိုက်ရမယ့်အချိန်လေ။ ကိုယ်က ကိုယ့်တပ်ကို ပြန်နင်းရမယ့် အချိန်မဟုတ်ဘူး။

၄။ ဒီအခြေအနေမှာ နွေဦးတော်လှန်ရေး ပါဝင်သူတွေကို ဆရာ့အနေနဲ့ ဘာတွေအကြုံပြုလိုတာရှိမလဲ။

စစ်ကိုအနိုင်တိုက်ရမယ်။ အခုချိန်မှာထိုးစစ်တွေဆင်ရမယ်။ တိုင်းရင်းသားတွေရော၊ အကုန်လုံးပေါင်းစုံရော၊ NUG ရော ထိုးစစ်တွေဆင်ရမယ်။ ထိုးစစ်တွေဆင်တဲ့နေရာမှာ စိတ်သဘောထားကြီးရမယ်။ ငါ့လူတွေပဲ ငါဆွဲ သွင်းမယ်။ အခု စစ်အရှိန်က အီနေတယ်။ စစ်အရှိန်က KNU တို့ကသာ တိုက်နေတာ။ NUGရဲ့စစ်ဆင်ရေးက မတက်ဘူးဖြစ်နေတယ်။

 ၅။ နောက်ဆုံးအနေနဲ့ ဘာတွေများ ဖြည့်စွက်ပြောကြားလိုလဲ။ ပြည်သူတွေကို ဘာသတင်းစကားပါးချင်တာ ရှိမလဲ။

ပြည်သူတွေကတော့ သတင်းစကားတွေ နားထောင် နိုးနိုးကြားကြားနေပေါ့။ NUG က ခေါင်းဆောင်ပြီး လှုံ့ဆော်ပေးရမယ်လေ။ NUG က တိုက်ပွဲကို တိုက်တဲ့လမ်းစဉ်မျိုးကို လုပ်ပေးနေရမှာ။ အချင်းချင်းချနေတာ ကြေညာချက်တွေထုတ်နေဖို့ မကောင်းဘူး အခုချိန်မှာ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.