သိမ်ဇရပ်၊ စက်တင်ဘာ(၁၅)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ ခရွဲကျေးရွာထဲကို စစ်ကောင်စီတပ်ကနေ နေ့စဉ်ရက် ဆက်လက်နက်ကြီးတွေ ပစ်ခတ်နေတာကြောင့် ဒေသခံပြည်သူလူထု ၂၅၀၀ ကျော် ထွက်ပြေးတိမ်း ရှောင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ပေါက်တန်းကျေးရွာမှာ အခြေချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကနေ စက်တင်ဘာ ၉ ရက်နေ့ကစပြီး ခရွဲကျေးရွာထဲကို နေ့စဉ်နဲ့အမျှ လက်နက်ကြီးတွေ ပစ်ခတ်နေတာပါ။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ခရွဲကျေးရွာဒေသခံ ၂၅၀၀ ကျော်ဟာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရပြီး အနီးနားကျေးရွာတွေ ဖြစ်တဲ့ ဝင်းကံနဲ့သုံးခွကျေးရွာကလည်း ဒေသခံပြည်သူတချို့ တိမ်းရှောင်တာတွေ ရှိနေပါတယ်။

ခရွဲဒေသခံတွေအဆိုအရ စစ်ကောင်စီတပ်ဟာ တစ်ရက်လျှင် အနည်းဆုံးလက်နက်ကြီးကျည် ၆ လုံးကနေ ၁၂ လုံးအထိ ပစ်ခတ်တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

လက်နက်ကြီးကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေဟာ ဥယျာဉ်ခြံတွေနဲ့ တောတောင်တွေထဲ နေထိုင်နေရတာကြောင့် စားဝတ်နေရေး အခက်အခဲရှိလာတယ်လို့ စစ်ရှောင်ပြည်သူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတဲ့ ခရွဲကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်တွေထိခိုက်ပျက်စီးတာတွေ ရှိနေပေမယ့် လက်ရှိအချိန်အထိ ဒေသခံတွေ နေရပ်မပြန်ရဲသေးလို့ ပျက်စီးမှုအခြေအနေ အသေးစိတ်မသိရသေးပါဘူး။

ပြီးခဲ့တဲ့ သြဂုတ်ဒုတိယအပတ်တုန်းကလည်း ကျိုက်ထိုနဲ့ဘီးလင်းမြို့နယ်အစပ်ကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် ငှက်တောကျေးရွာအပါအဝင် ကျေးရွာ ၅ ရွာက ဒေသခံ ၃၀၀၀ ကျော်ဟာ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.