ကြာအင်းဆိပ်ကြီး၊ စက်တင်ဘာ(၁၅)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုထဲမှာ စက်တင်ဘာ ၁၄ ရက်နေ့ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ မွန်ပြည်နယ် မုဒုံမြို့နယ် တောင်ညိုတောင်တန်းနဲ့ ကျိုက်မရောမြို့နယ် တောင်ကလေးကျေးရွာကနေတဆင့် ခလယ်တံခွန်တိုင်ကျေးအုပ်စုထဲကို စက်တင်ဘာ ၁၂ ရက်နေ့က စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကျေးရွာအတွင်းရှိ လူနေအိမ်နဲ့ စာသင်ကျောင်းတွေမှာ ဝင်ရောက်တပ်စွဲနေထိုင်နေတာပါ။

အဲဒီစစ်ကြောင်းနဲ့ KNLA ပူးပေါင်းတပ်တို့ဟာ ဒီနေ့မနက်အစောပိုင်းကစပြီး တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီဘက်ကလည်း ရဟတ်ယာဉ်နဲ့ လာရောက်ပစ်ကူပေးခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

တိုက်ပွဲအတွင်း ဒေသခံပြည်သူတွေတချို့ပိတ်မိနေပြီး နေအိမ်တွေလည်း ထိခိုက်ပျက်စီးတာတွေ ရှိပေမယ့် ထိခိုက်မှုကိုတော့ လတ်တလောမှာ မသိရသေးပါဘူး။

ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ ကျေးရွာအတွင်းရှိ စစ်ကောင်စီလက်အောက်ခံရဲစခန်းကို အင်အားဖြည့်တင်းဖို့နဲ့ ရိက္ခာလာရောက် ပို့ဆောင်တာလို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။

တိုက်ပွဲမဖြစ်ပွားမီ စစ်ကောင်စီစစ်ကြောင်း ကျေးရွာထဲဝင်ရောက်လာတာကြောင့် ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုရှိ မြို့ဟောင်း၊ ခလယ်၊ ခလယ်ရွာလေးစတဲ့ ကျေးရွာတွေက ဒေသခံပြည်သူလူထုတွေ ထွက်ပြေးတိမ်းရှောင်နေတာပါ။

ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုထဲကို စစ်ကြောင်းထိုးလာခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူအသုံးပြုကာ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေခဲ့ရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.