စစ်ကိုင်း၊ စက်တင်ဘာ(၁၄)

မြန်မာစစ်တပ်ဟာ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေဟာ မကြုံဖူးလောက်အောင် များပြားလာတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးအဖွဲ့ (IIMM) က ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၅၄ ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးအဖွဲ့ (IIMM) အကြီးအကဲက အစီရင်ခံစာတင်ပြစဉ် ပြောဆိုခဲ့တာပါ။

IIMM အကြီးအကဲ နီကိုလပ်စ်ကုမ်ဂျန်က စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့လအတွင်း အရပ်သားတွေပါမရှောင်တဲ့ လေကြောင်းတိုက်ခိုက်မှု၊ ဖမ်းဆီးရမိတဲ့ တိုက်ခိုက်ရေးသမားတွေနဲ့အရပ်သားပြည်သူတွေကို ဥပဒေမဲ့ကွပ်မျက်တာအပြင် နေအိမ်မီးရှို့ဖျက်ဆီးမှုတွေကို ပိုမိုကျူးလွန်လာတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ တရားဥပဒေမဲ့ ဖမ်းဆီးမှုတွေလည်း မြင့်တက်လာသလို အကျဉ်းသားတွေကို ညှဉ်းပန်းနှိပ်စက်တာ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ တခြားဆိုးရွားတဲ့ စစ်ရာဇဝတ်မှုတွေကြောင့် အရပ်သားသေဆုံးမှုတွေအတွက် ခိုင်မာတဲ့သက်သေတွေ ရရှိထားတယ်လို့ IIMM ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

အရပ်သားပြည်သူတွေ အများဆုံးသတ်ဖြတ်ခံနေရတဲ့ စစ်ကိုင်းတိုင်းဒေသခံတစ်ဦးကတော့ အခုလထဲမှာပဲ စစ်ကောင်စီတပ်ဟာ လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားတဲ့ အရပ်သားပြည်သူ ၇ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်သွားတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

” ဒီပုလဲနယ်ကို စစ်ကြောင်းထိုးသွားတယ်။ ပုလဲနယ်ကနေ စစ်ကြောင်းထိုးသွားရာကနေ ပြည်သူတွေကို ဖမ်းဆီးသွားတယ်။ ပြည်သူတွေကိုဖမ်းဆီးသွားတဲ့အထဲမှာ ငှက်ပျောတောရွာက သုံးယောက်၊ နောက်တစ်ရွာကလေးယောက်။ အဲဒီခုနစ်ယောက်ဆိုရင် စစ်ကြောင်းပြန်ထွက်သွားပြီးတော့ မုံရွာဘက်ကို ရောက်သွားတယ်။ မုံရွာဘက်ကနေပြီးတော့ ဆားလင်းကြီးနယ်ဘက်ကို ဝမ်ပေါင်ကုမ္ပဏီမှာ ပစ္စည်းအသယ်အပို့လုပ်တဲ့နေရာအထိ သူတို့လုံခြုံရေးယူတယ်။ အဲဒီအခါမှာ ဖမ်းခေါ်သွားတဲ့ လူတွေကိုအဲဒီဘက်ခေါ်လာပြီးတော့ ယမားတံတားပေါ် မှာ ရက်ရက်စက်စက် မျက်လုံးတွေကိုထိုးဖောက်၊ လက်တွေရိုက်ချိုး၊ လည်ပင်းတွေဓားနဲ့လှီးပြီး သတ်သွားတယ်ဗျ” လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်တွေအရ အာဏာသိမ်း နှစ်နှစ်ခွဲကျော်ကာလအတွင်း အရပ်သား ၄၀၀၀ ကျော် သတ်ဖြတ်ခံခဲ့ရပြီး စစ်ကိုင်းတိုင်းဟာ အရပ်သား ၁၈၀၀ ကျော်နဲ့ အများဆုံးသတ်ဖြတ်ခံထားရတာပါ။

တဖက်မှာတော့ စစ်ကောင်စီတပ်ဟာ စစ်ရေးပြင်းထန်နေတဲ့ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ စစ်ရာဇဝတ်မှုတွေကို ပိုမိုကျူးလွန်နေတယ်လို့ ဒေသတွင်းအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF စစ်ရေးချုပ်ခူးရီးဒူက စစ်ကောင်စီတပ်ဟာ အရပ် သားပြည်သူတွေကို လူသားဒိုင်းလုပ်တာအပါအဝင် လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့ သံလွင်တိုင်မ်းကို ပြောပါတယ်။

“အဓိကဒီနောက်ပိုင်း ၂၀၂၃ နောက်ပိုင်းမှာတော့ အများဆုံးကျူးလွန်တာတော့ လေကြောင်းတိုက်ခိုက်မှုရယ်၊ ဒုတိယတစ်ခုကတော့ လက်နက်ကြီးပစ်ခတ်တယ်။ အဲဒီမှာက လေကြောင်းတိုက်ခိုက်မှုက ခုနပြောတဲ့ တန်ချိန် ၅၀၀ ဗုံးကြီးတွေနဲ့ ကျေးရွာတွေမှာကြဲချတာတို့၊ စာသင်ကျောင်းတွေမှာကျဲချတာတို့၊ ပြီးတော့မှ ဘုရားကျောင်းတွေမှာကျဲချတာတို့၊ နောက်ဆုံးတစ်ခုက စစ်ရှောင်စခန်းတွေမှာ ကျဲချတာတို့ပေါ့။ ခပ်စိပ်စိပ်ပိုပြီးတော့မှ လုပ်လာတယ်ပေါ့နော်။ ကျွန်တော်တို့နဲ့ မြေပြင်မှာတိုက်ပွဲ ဖြစ်တဲ့အချိန်မှာ ရွာထဲမှာပိတ်မိနေတဲ့ပြည်သူတွေကို လူသားဒိုင်းသဖွယ်ခေါ်ထားပြီးတော့မှ ဒီရှေ့မှာသွားခိုင်းတာတို့၊ ကြိုးတုပ်ပြီးတော့မှ လမ်းပြခိုင်းတာတို့ သူတို့ မကြာခဏလုပ်လေ့ရှိတာပေါ့လေ” လို့ ဆိုပါတယ်။

အနီးစပ်ဆုံးအနေနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့က ဖာပွန်ခရိုင်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကျောင်းဆရာနဲ့ ကျောင်းသားတွေအပါအဝင် ၁၂ ဦး ထိခိုက်သေဆုံးဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ထားပါတယ်။

အရပ်သားပြည်သူတွေပါ မရှောင်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ဥပဒေမဲ့စစ်ရာဇဝတ်မှု ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကျုးလွန်နေတဲ့ အာဏာသိမ်းစစ်ကောင်စီအား နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ပိုမိုထိရောက်လက်တွေ့ကျတဲ့ နည်းလမ်းတွေနဲ့ တိုးချဲ့ပိတ်ဆို့အရေးယူပေးဖို့ KNU တောင်းဆိုထားပါတယ်။

IIMM ကတော့ စစ်ကောင်စီကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကို လူတစ်ဦးချင်းစီ အဖွဲ့အစည်းတစ်ခုချင်းစီကနေ မကြုံဘူးလောက်အောင် များပြားလှတဲ့ အထောက်အထားတွေ ရရှိထားတယ်လို့ ဆိုပါတယ်။

ရရှိထားတဲ့ သက်သေအထောက်အထားတွေကို IMM က ရာဇဝတ်ခုံရုံးနဲ့ အာဂျင်တီးနားတရားရုံးတို့ကို ပို့ဆောင်ထားသလို နောက်ထပ် စိစစ်သုံးသပ်ချက် အစီရင်ခံစာ သုံးခုကိုလည်း တရားရေးအာဏာပိုင်တွေထံ မျှဝေဖို့ အပြီးသတ်လုပ်ဆောင်နေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP – Myanmar ကလည်း မြန်မာစစ်တပ်ဟာ လက်နက်ကိုင်နဲ့ အရပ်သားပြည်သူမခွဲခြားဘဲ စစ်ဆင်ရေးတွေ တိုးမြှင့်လုပ်ဆောင်နေတာကြောင့် လူနေကျေးရွာတွေနဲ့ မြို့တွေ ပျက်စီးဆုံးရှုံးမှု ပိုများလာတယ်လို့ သြဂုတ် ၁၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.