ဝါရှင်တန် – စက်တင်ဘာ(၁၅) 

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး ကျွမ်းကျင်ပညာရှင်က စစ်အာဏာရှင်တွေရဲ့ အဓိကဝင်ငွေဖြစ်တဲ့ နိုင်ငံပိုင် ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေကို ပိတ်ဆို့အရေးယူမှုတွေ ထပ်မံပြုလုပ်ဖို့ အမေရိကန်ပြည်ထောင်စုကို တောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေး ကျွမ်းကျင်ပညာရှင် တွမ်အင်ဒရူးစ်ကမြန်မာနိုင်ငံအတွင်းနဲ့ ပြည်ပ မှာပါ စစ်ကောင်စီရဲ့ ဖိနှိပ်ခံနေရသူတွေအတွက် အနည်းဆုံးလူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ထောက်ပံ့မှုထားရှိဖို့ဟာ အမေရိကန်အတွက် အရေးကြီးတယ်လို့ ဆိုခဲ့တာပါ။ 

အမေရိကန် ကွန်ဂရက်အမတ်ဟောင်းလည်းဖြစ်တဲ့ တွမ်အင်ဒရူးစ်ကကွန်ဂရက်လွှတ်တော်ရဲ့ တွန်လန်တို့စ် လူ့အခွင့်အရေးကော်မရှင် ကြားနာမှုမှာ အမေရိကန် အပါအဝင် အလှူရှင်တချို့ရဲ့ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ထောက်ပံ့မှု လျှော့ပေါ့မယ့် အစီရင်ခံစာကို အထိတ်တလန့်ဖြစ်ခဲ့တယ်လို့ ဆိုထားသလို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာ ကလေးငယ်တွေအတွက် ရိက္ခာပါဝင်တဲ့ ပူးတွဲတုံ့ပြန်ရေးစီမံချက်ဟာဒီနှစ်အထိ (၃၂) ရာခိုင်နှုန်း သာ ထောက်ပံ့ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ်တို့ကို ဇွန်လတုန်းက ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့တာနဲ့ပတ်သက်ပြီး အမေရိကန်ကို အင်ဒရူးစ်က ချီးကျူးခဲ့ပေမယ့် ပိုမိုလုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ ဆိုထားပါတယ်။ 

“ပိတ်ဆို့အရေးယူမှုတွေ ပိုလုပ်ဖို့လိုတယ်၊ ဥရောပသမဂ္ဂနဲ့ ပူးပေါင်းပြီး စစ်အစိုးရရဲ့ တစ်ခုတည်း သော အကြီးဆုံး ၀င်ငွေအရင်းအမြစ်ဖြစ်တဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကို ချက်ချင်းအရေးယူဖို့ အမေရိကန်ကို တိုက်တွန်းပါတယ်” လို့အင်ဒရူးစ်က ပြောခဲ့ပါတယ်။ 

ဒါ့အပြင် “ဒီငွေတွေကို ရပ်တန့်နိုင်ရင် ရက်စက်ကြမ်းကြုတ်မှုတွေ ဆက်လုပ်ဖို့ သူတို့ရဲ့ အစွမ်း အစတွေကို ဖြတ်တောက်နိုင်မယ်” လို့ စစ်တပ်လက်ချက်နဲ့ အရပ်သားသေဆုံးမှုတွေကို ရည်ညွှန်း ပြီး သူက ပြောပါသေးတယ်။

စစ်ကောင်စီရဲ့ လက်နက်သုံးစွဲခွင့်ကို ပိတ်ပင်ဖို့ အမေရိကန်ကို တခြားနိုင်ငံတွေနဲ့ ပူးပေါင်းလုပ် ဆောင်ဖို့လည်း တောင်းဆိုတာတွေ ရှိနေပါတယ်။ 

လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်က စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သား(၃၉၀၀) ကျော်ကို သတ်ဖြတ်ခဲ့တယ်လို့ ခန့်မှန်းထားပြီး လေကြောင်းတိုက်ခိုက်မှုတွေမှာ အသုံးပြုတဲ့ လေယာဉ်ဆီ ဝယ်ယူဖို့ စစ်ကောင်စီကို ကူညီပေးနေတဲ့ နိုင်ငံခြားကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေကိုလည်း ဩဂုတ် လထဲမှာ အမေရိကန်က ပိတ်ဆို့မှုတွေ ပြုလုပ်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း အမေရိကန် ပြည်ထောင်စုဟာ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ လုပ်ငန်းရဲ့ မန်နေဂျင်းဒါရိုက်တာနဲ့ လက်ထောက်မန်နေဂျင်းဒါရိုက်တာတို့ကို ဒဏ်ခတ်အရေး ယူမှုတွေ ပြုလုပ်ခဲ့ပေမယ့် အခွင့်အရေးလှုပ်ရှားတဲ့ အဖွဲ့တွေအပါအဝင် အတိုက်အခံတွေ တိုက်တွန်းထားသလို အဲဒီကုမ္ပဏီကိုတော့ ထပ်မံ ပိတ်ဆို့မှုတွေ လုပ်ဆောင်ထားတာမရှိ သေးဘူးလို့ သိရပါတယ်။ 

မြန်မာစစ်တပ်တာဝန်ရှိသူတွေကတော့ ပိတ်ဆို့အရေးယူမှုတွေရဲ့ သက်ရောက်မှုတွေကို ငြင်းဆို ခဲ့ကြသလို လေကြောင်းတိုက်ခိုက်မှုတွေဟာ သောင်းကျန်းသူတွေကိုသာ ပစ်မှတ်ထားပြီး လုပ်ဆောင်တာဖြစ်တယ်လို့ ဆိုထားပါတယ်။  

စစ်တပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း အနည်းဆုံး ဒေါ်လာ(၁) ဘီလျံတန်ဖိုးရှိတဲ့ လက်နက်နဲ့ တခြားပစ္စည်းတွေကို တင်သွင်းခဲ့ပြီး အတိုက်အခံအင်အားစုတွေကို ချေမှုန်းဖို့အတွက် လှုံ့ဆော်မှု တွေမှာ အကူအညီပေးဖို့ ရုရှားနဲ့ တရုတ်တို့ကို တောင်းဆိုတာတွေရှိထားတယ်လို့လည်း အင်ဒရူးစ်ရဲ့ မေလအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.