ပေါင်၊ စက်တင်ဘာ(၁၄)

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ရင်းငြိမ်ကျေးရွာမှာ စက်တင်ဘာ ၁၃ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်က ပြည်သူ့စစ်တပ်ဖွဲ့ဝင်ဟောင်းတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အသက် ၆၀ ကျော်အရွယ် ပြည်သူ့စစ်တပ်ဖွဲ့ဝင်ဟောင်း ဦးကျာကြီးဟာ ရင်းငြိမ်တောင်ကျေးရွာ တောင်ပေါ်ပိုင်းနေအိမ်ကနေ ဆိုင်ကယ်နဲ့ထွက်လာစဉ် အမည်မသိသေနတ်နဲ့သမား ၂ ဦးက အသင့်စောင့်ဆိုင်းပြီး သေနတ်နဲ့ပစ်ခတ်ခဲ့တာပါ။

သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ဦးကျားကြီးဟာ ညာဘက်ပေါင် ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့တဲ့အတွက် ရင်းငြိမ်တိုက်နယ်ဆေးရုံကနေ သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားတယ်လို့ သိရတယ်။

ဒေသခံတွေအဆိုအရ ဦးကျားကြီးဟာ ရင်းငြိမ်တောင်ကျေးရွာမှာ နေ့စဉ်ကျောင်းတက်ကျောင်းဆင်းချိန် ကလေးငယ်သူတွေကို ယာဉ်အန္တရာယ်ကင်းရှင်းဖို့အတွက် လမ်းရှင်းပေးနေသူတစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။

အရန်မီးသတ်တပ်ဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးကျားကြီးဟာ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နဲ့လည်း ပတ်သက်ဆက်နွယ်တာတွေရှိတယ်လို့ ပြောဆိုတာတွေ ရှိနေပါတယ်။

ဦးကျားကြီးကို ဘယ်အဖွဲ့အစည်းက ဘာကြောင့်သေနတ်နဲ့ ပစ်ခတ်ခဲ့လဲဆိုတာ လက်ရှိအချိန်အထိ တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့ကလည်း ပေါင်မြို့မရဲစခန်းက နယ်ထိန်းရဲ ကိုကိုလွင် သေနတ်နဲ့ ပစ်သတ်ခံရပြီးနောက် ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာနေ ဒေသခံပြည်သူ ၁၅ ဦးထက်မနည်း ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-PAN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.