မော်လမြိုင်၊ စက်တင်ဘာ(၁၄)

စစ်တပ်အာဏာသိမ်းတဲ့ နှစ်နှစ်ခွဲကျော်ကာလအတွင်း ကုန်သွယ်ရေးကဏ္ဍမှာ လိုငွေဆက်တိုက်မြင့်တက်နေတာကြောင့် မြန်မာ့စီးပွားရေးဟာ အဆိုးဘက်ကို ပိုမိုဦးတည်လာတယ်လို့ စီးပွားရေးပညာရှင်တွေက သုံးသပ်ပါတယ်။

စစ်ကောင်စီ ကုန်သွယ်ရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ပို့ကုန်ကဏ္ဍကနေ အမေရိကန်ဒေါ်လာသန်းပေါင်း ၁၆၆၀၀ ကျော် ရရှိခဲ့ပေမယ့် သွင်းကုန်ကဏ္ဍမှာတော့ ကန်ဒေါ်လာသန်းပေါင်း ၁၇၃၀၀ ကျော်အထိ ရှိခဲ့တာကြောင့် ကုန်သွယ်ရေးလိုငွေ သန်းပေါင်း ၇၀၀ ကျော်အထိ လိုငွေပြလာတာပါ။

ကုန်သွယ်ရေးလိုငွေဟာ အခုဘဏ္ဍာရေးနှစ် ဧပြီလကနေ ဇူလိုင်လအထိ ၄ လအတွင်းမှာပဲ အမေရိကန်ဒေါ်လာသန်းပေါင်း ၇၈၀ ကျော်အထိ ထပ်မံလိုငွေပြလာတာဖြစ်ပြီး ပြီးခဲ့တဲ့ဘဏ္ဍာရေးနှစ် တစ်ခုလုံးနဲ့ နှိုင်းယှဉ်ပြရင် ၃ ဆနီးပါး လိုငွေမြင့်တက်နေတာ ဖြစ်ပါတယ်။

ကုန်သွယ်ရေးလိုငွေတွေဟာ မြန်မာငွေတန်ဖိုးကျဆင်းလာတာ၊ နိုင်ငံခြားရင်းနှီး မြုပ်နှံမှုတွေ ထွက်ခွာသွားတာ၊ ပြည်ပကနေတင်သွင်းနေရတဲ့ ကုန်ကြမ်းပစ္စည်း ဈေးနှုန်းအဆမတန် မြင့်တက်လာတာ၊ စစ်ကောင်စီရဲ့ ကုန်သွယ်ရေးကန့်သတ်ချက်ကြောင့် လိုငွေမြင့်တက်လာတာပါ။

ကုန်သွယ်ရေး လိုငွေဆက်တိုက်မြင့်တက်နေတာကြောင့် နိုင်ငံ့စီးပွားရေးဟာ ဒီထက်ပိုပြီး အဆိုးဘက်ကိုဦးတည်လာပြီး သွင်းကုန်ကဏ္ဍမှာ ကြီးမားတဲ့ထိခိုက်မှုတွေ ရှိလာနိုင်တယ်လို့ စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်ပါတယ်။

“(၄)လ အတွင်းမှာ (၇၀၀)ကျော် လိုငွေပြတယ်။ အမှန်က မနှစ်ကတောင်မှ အဲဒီ (၄)လကို ကြည့်လို့ရှိရင် ကုန်သွယ်မှု ပိုငွေပြတယ်။ မနှစ်က (၁၇၀) ကျော်ကျော်လောက် ပိုငွေပြတယ်။ ဒီနှစ်ကလိုငွေပြတယ်ဆိုတော့ အခြေအနေကပိုပြီးတော့ အဆိုးဘက်ကိုသွားနေတဲသဘောတော့ ရှိတယ်။ အဓိကတော့ သွင်းကုန်ကဏ္ဍကိုသွားပြီး ထိခိုက်မှာပေါ့။ ဘာလို့ဆိုတော့ အခုဟာကပို့ကုန်ဝင်ငွေကို အပေါ်ကပြန်ပြီးတော့ ခွဲပေးတယ်။ သွင်းကုန်သမားတွေကို။ အခုဟာက တကယ့်အရေးကြီးသွင်းကုန်တွေတောင်မှ ကြည့်ရတာသိပ်ပြီးတော့ လျှောက်သလောက် အပြည့်မပေးနိုင်တဲ့ သဘောတောင်ရှိတယ်။ ဆိုတော့ သွင်းကုန်ကိုပထမဆုံး စထိမှာပေါ့။ အဲဒီကနေမှ ကုန်ဈေးနှုန်းတို့ဘာတို့ ဆက်တိုက်ထိမှာပေါ့”လို့ ဆိုပါတယ်။

ကုန်သွယ်ရေးလိုငွေ ပြဿနာကို ပြီးခဲ့တဲ့အစိုးရလက်ထက်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ၊ နိုင်ငံခြားကို သွားရောက်အလုပ်လုပ်ကိုင်သူတွေရဲ့ ဝင်ငွေတွေနဲ့ ထိန်းနိုင်ခဲ့ပေမယ့် စစ်ကောင်စီလက်ထက်မှာတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ထွက်ခွာသွားတာ၊ နိုင်ငံခြားမှာ အလုပ်လုပ်ကိုင်သူတွေက တရား ဝင်ငွေလွှဲတာတွေ မရှိတဲ့အတွက် ကုန်သွယ်မှုလိုငွေတွေကို ပြန်ဖြည့်ဆည်းဖို့ မဖြစ်နိုင်ဘူးလို့ သူကဆက်ပြောပါတယ်။

စီးပွားရေးလုပ်ငန်းရှင် တစ်ဦးကလည်း ပို့ကုန်သွင်းကုန်ကဏ္ဍမှာ ကုန်သွယ်မှုလိုငွေ အမြဲတမ်းပြနေပါက စီးပွားရေးလုပ်ငန်းတွေမှာ ပြဿနာရှိလာနိုင်သလို နိုင်ငံခြားငွေလိုအပ်ချက် ရှိလာပါကလည်း ငွေဈေးတွေအခုထက် ပိုပြီးတက်လာနိုင်တယ်လို့ ပြောပါတယ်။

“အမြဲတမ်းဆိုရင် ပြဿနာရှိတာပေါ့။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ၊ နိုင်ငံခြားကအလုပ်တွေ၊ နိုင်ငံ ခြားငွေရရှိမယ့် တခြားဟာတွေ မဝင်လာရင်တော့ ပြဿနာရှိတာပေါ့ကွာ။ တကယ်လို့ တခြားဟာတွေဝင်လာရင်တော့ အရမ်းအဆင်ပြေသွားနိုင်တာပေါ့။ နိုင်ငံခြားငွေမရှိရင်တော့ နိုင်ငံခြားငွေရ အောင် ရှာကြရမှာပေါ့။ အဲဒီအခါဆိုရင်တော့ တိုင်းပြည်စီးပွားရေးကလည်း ငွေဈေးတွေ အခုထက်ပိုပြီးတက်သွားနိုင်တာပေါ့။ ဒါကသူတို့ခဏတာ ထိန်းထားလိုက်ပြီးလေ။ တကယ်လို့ဒါမျိုးတွေ ခဏခ ဏဖြစ်နေမယ်ဆိုရင်တော့ စီးပွားရေးကပြဿနာတက်နိုင်တာပေါ့”လို့ ဆိုပါတယ်။

ကုန်သွယ်မှုလိုငွေပြနေတာကြောင့် စစ်ကောင်စီအနေနဲ့ သွင်းကုန်ကဏ္ဍတွေကို ဒီထက်ပိုပြီးတင်းကျပ်လာနိုင်သလို ပြည်ပကုန်ပစ္စည်းရှားပါးတာ၊ ကုန်ပစ္စည်းဈေးနှုန်း ကြီးမြင့်တာတွေ ထပ်မံကြုံတွေ့လာနိုင်တယ်လို့ လုပ်ငန်းရှင်တွေက ဆိုကြပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ ကုန်သွယ်ရေးလိုငွေတွေ မြင့်တက်နေတာကြောင့် ပြည်ပမှတင်သွင်းနေရတဲ့ ကုန်ပစ္စည်းတချို့ကို ကန့်သတ်တာ၊ ပြည်တွင်းထုတ်ကုန်တွေ ထွက်ရှိဖို့အတွက် စီးပွားရေးလုပ်ငန်းရှင်တွေကို ဖိအားပေးတာတွေ လုပ်ဆောင်နေပါတယ်။

အာဏာသိမ်းစစ်ခေါင်ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ကုန်သွယ်ရေးကဏ္ဍမှာ နိုင်ငံခြားငွေလိုအပ်မှု ပိုမိုများလာတယ်လို့ ပြီးခဲ့တဲ့ ဇွန် ၃၀ ရက်နေ့ ပြုလုပ်တဲ့ စစ်ကောင်စီရဲ့ စီးပွားမြှင့်တင်ရေးအစည်းအဝေးအတွင်း ဝန်ခံပြောဆိုထားပါတယ်။

နိုင်ငံခြားငွေလိုအပ်မှု ပိုများလာတာဟာ နိုင်ငံတကာပိတ်ဆို့အရေးယူမှုတွေ၊ ရှိပြီးသားနိုင်ငံခြားငွေသုံးစွဲလို့ မရအောင် လုပ်ဆောင်တာတွေနဲ့ ရဖို့ရှိတဲ့ ရောင်းကုန်ပစ္စည်း ရငွေတွေကို မပေးချေနိုင်အောင် ပိတ်ဆို့မှုမျိုးစုံ ပြုလုပ်လာတာတွေကြောင့်လို့ စစ်ခေါင်းဆောင်က အပြစ်ဖို့ထားပါတယ်။

ကမ္ဘာ့ဘဏ်ကတော့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ချွတ်ခြုံကျနေတဲ့ မြန်မာ့စီးပွားရေးဟာ လက်ရှိအချိန်အထိ နာလန်မထူနိုင်သေးပဲ မူဝါဒအမှားတွေကြောင့် ထပ်ခါထပ်ခါကျလာခြင်းတွေက တိုင်းပြည်စီးပွားရေးကို ရာသက်ပန်ထိခိုက်စေမယ်လို့ အခုနှစ်ဆန်းပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Min Aung

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.