ဖာပွန်၊ စက်တင်ဘာ(၁၀)
ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ နားကိုခီးကျေးရွာအုပ်စု၊ ထီးဂေါ်ထာရွာထဲကို စစ်ကောင်စီတပ်ရဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းသူ၊ ကျောင်းသားတွေအပါအဝင် ၄ ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် KPSN က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နေ့က KNU ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေ လူသောမြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီရဲ့ ခေးပူတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ အထူးတပ်ဖွဲ့ (Special Force)နဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။
စခန်းသိမ်းပိုက်ခံရပြီး စက်တင်ဘာ ၇ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်ဟာ KNU ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ နားကိုခီးကျေးရွာအုပ်စုအတွင်းရှိ ထီးဂေါ်ထာရွာထဲကို လေယာဉ်နဲ့ လာရောက်ဗုံးကြဲ တိုက်ခိုက်သွားတာ ဖြစ်ပါတယ်။
လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ကျောင်းဆရာ ၁ ဦးနဲ့ ကျောင်းသားကျောင်းသူ ၃ ဦး သေဆုံးပြီး ကျောင်းဆရာမ ၁ ဦးနဲ့ ကျောင်းသားကျောင်းသူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ KPSN ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
ဒါ့အပြင် စက်တင်ဘာ ၈ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ကလည်း KNU ဖာပွန်ခရိုင် တာခဲဒဲဒေသ ခလယ်ထာကျေးရွာနဲ့ ဂယ်ယူဒေသတွေထဲမှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ ၄ ကြိမ်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုသတင်းကို အတည်ပြုလို့မရသေးဘူးလို့ KNU တပ်မဟာ(၅)က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီ ခေးပူစခန်းဟာ ကျေးရွာတွေထဲကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်တာ၊ ရွာသားတွေကို ဖမ်းဆီးစစ်ဆေးတာနဲ့ နည်းမျိုးစုံသုံးပြီး ဒေသခံတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ အဆက်မပြတ် ပြုလုပ်နေတဲ့အတွက် တိုက်ခိုက်သိမ်းပိုက်ရတာလို့ KNU ဘက်က ဆိုထားပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အများအပြားသေဆုံးခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့ကာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က ဒဏ်ရာရသူ တချို့ရှိခဲ့တယ်လို့ KNU တပ်မဟာ(၅) က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ