မော်လမြိုင် – စက်တင်ဘာ(၈)

အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မှာ တာဝန်ထမ်းဆောင်နေတဲ့ ပြည်သူ့သားကောင်းတွေကို ပြည်သူ့ခုခံတွန်းလှန်စစ် (၂) နှစ်ပြည့် ဂုဏ်ပြုပွဲအခမ်းအနားပြုလုပ်ခဲ့တယ်လို့ MOD ကသတင်းထုတ်ပြန်ထားပါတယ်။

ဒီနေ့ စက်တင်ဘာလ(၈) ရက်နေ့ မနက်ပိုင်းက အွန်လိုင်းပလက်ဖောင်း ကနေ ဂုဏ်ပြုပွဲ အခမ်းအနားပြုလုပ်ခဲ့တာပါ။

အခမ်းနားမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော်နဲ့ နွေဦးတော်လှန်ရေး အပါအဝင် ခေတ်အဆက်ဆက် တော်လှန်ရေးမှာ ကျဆုံးသွားခဲ့ရတဲ့ ရဟန်းရှင်လူ၊မိဘပြည်သူ၊ ကျောင်းသားတွေနဲ့ သူရဲကောင်းတွေကို အလေးပြုတာ၊ကာကွယ်ရေးဝန်ကြီးက ဂုဏ်ပြုအမှာစကား ပြောကြားတာအပါအဝင် တော်လှန်ရေး အနုပညာရှင်တွေက ဂုဏ်ပြုတေးသီးချင်းတွေနဲ့ သီဆို ဖျော်ဖြေခဲ့ကြတယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF မှာ တာဝန်ထမ်းဆောင်နေတဲ့ ပြည်သူ့သားကောင်းတွေ ကိုယ်စား တပ်ရင်းမှူး ရဲဘော်စံလင်း(အထူးကွန်မန်ဒိုတပ်ရင်း)က ကျေးဇူးတင်ခွန်အားဖြည့် စကားပြန်ခဲ့တယ်လို့ MOD က အသိပေးထားပါတယ်။

လက်ရှိမှာတော့ ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ ပြည်သူ့သားကောင်း(၄၅၀) ကျော်ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်တွေအဖြစ် ခံယူပြီး စစ်ရုံးချုပ်နဲ့ တပ်ရင်းတပ်ဖွဲ့တွေ၊ စစ်ကြောင်းတွေမှာ သက်ဆိုင်ရာ ကဏ္ဍတွေအလိုက် တာဝန်ထမ်းဆောင်နေတယ်လို့ ဆိုထားပါတယ်။

PDF ပြည်သူ့သားကောင်းများ ဂုဏ်ပြုပွဲအခမ်းအနားကို ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်၊ ပြည်ထောင်စု ဒုတိယဝန်ကြီး နိုင်ကောင်းရွတ်၊ အတွင်းဝန်၊ ဒုအတွင်းဝန် အပါအဝင် အရပ်ဘက်/စစ်ဘက် တာဝန်ရှိသူတွေနဲ့ ပြည်သူ့သားကောင်းတွေ တက်ရောက်ခဲ့ကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MOD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.