ရန်ကုန်၊ စက်တင်ဘာ(၈)

စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းဖို့ အာဆီယံခေါင်းဆောင်တွေ သဘောတူထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ဆက်လက်ထိန်းသိမ်းသွားမယ်လို့ အာဆီယံက ဆုံးဖြတ်ချက်ချမှတ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ ၄၃ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဘုံသဘောတူညီချက် ၅ ချက်အကောင်အထည်ဖော်ခြင်းဆိုင်ရာ အာဆီယံခေါင်းဆောင်တွေရဲ့ ပြန်လည်သုံးသပ်ချက်ရှစ်ချက်နဲ့ ဆုံးဖြတ်ချက်ဆယ်ချက်ကို စက်တင်ဘာ ၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် သဘောတူလက်ခံထားခဲ့တဲ့ ဘုံသဘောတူညီချက်ငါးချက်ကို သုံးနှစ်နီးပါးကြာသည့်တိုင် သိသာထင်ရှားတဲ့ အကောင်ထည်ဖော်မှု မရှိတဲ့အပေါ် အထူးစိုးရိမ်ကြောင်း အာဆီယံခေါင်းဆောင်တွေဘက်က သုံးသပ်ခဲ့ကြပါတယ်။

အာဆီယံအနေနဲ့ မြန်မာ့အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ ဘုံသဘောတူညီချက် ငါးချက်ကို ရည်ညွှန်းချက်အဖြစ် ဆက်လက်ထိန်းသိမ်းသွားမှာဖြစ်ပြီး နိုင်ငံတဝှမ်း လူသားချင်းစာနာမှု အကူအညီတွေ ပေးပို့နိုင်ဖို့နဲ့ အကြမ်းဖက်မှုတွေရပ်စဲရေး သက်ဆိုင်သူအားလုံးပါဝင်နိုင်တဲ့ ဆွေးနွေးပွဲတရပ် ပြုလုပ်နိုင်ဖို့ကလည်း အရေးကြီးတယ်လို့ ဆိုပါတယ်။

၂၀၂၆ ခုနှစ်မှာ အာဆီယံအလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူရမယ့် မြန်မာနိုင်ငံကိုတော့ ဖိလစ်ပိုင်နိုင်ငံနဲ့ အစားထိုးခန့်အပ်တာဝန်ပေးဖို့ကိုလည်း အာဆီယံခေါင်းဆောင်တွေက ဆုံးဖြတ်ခဲ့ကြပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က မြန်မာနိုင်ငံကို အာဆီယံဥက္ကဌ နေရာကနေ ဖယ်ရှားလိုက်တာဟာ တိုးတက်မှုဖြစ်ပေမယ့် ဘုံသဘောတူညီချက်တွေ အကောင်အထည်မဖော်တဲ့ မြန်မာစစ်အစိုးရအပေါ် အာဆီယံအနေနဲ့ ပြတ်သားတဲ့အရေးယူမှု ချမှတ်ဖို့လိုတယ်လို့ ပြောပါတယ်။

“မြန်မာနိုင်ငံက အာဆီယံဥက္ကဌ လုပ်ရမယ့်ကိစ္စကို သူတို့ဖယ်ရှားလိုက်တာဟာ တိုးတက်မှုလို့ ပြောလို့ရတယ်။ ဒါပေမယ့် အဲဒီလိုဆုံးဖြတ်လိုက်ခြင်းဟာ တစ်ဖက်က စစ်ကောင်စီကို ၂၀၂၆ ခုနှစ်အထိ ဆက်လက်ပြီးတော့ ရပ်တည်ဖို့ အသိအမှတ်ပြုပေးရာ ရောက်တဲ့အတွက် တကယ့်ပြည်တွင်းမှာဖြစ်နေတဲ့ အခြေအနေနဲ့ မကိုက်ညီတဲ့အတွက် အဲဒီအဆိုပြုချက်ကို လက်မခံနိုင်ပါဘူး။ ဒါဟာ စစ်ကောင်စီသက် ဆိုးရှည်ဖို့ ရှင်သန်ဖို့အတွက် အခွင့်အလမ်းပေးတဲ့သဘော သက်ရောက်နေပါတယ်။ အမှန်က အခု ၃ နှစ်ရှိပြီ အာဆီယံဆုံးဖြတ်ချက် ၅ ရပ်ကို အကောင်အထည်မဖော်ဘူးဆိုလို့ရှိရင် ဒီသုံးနှစ်ပြည့်တဲ့အချိန်မှာ မြန်မာစစ်အစိုးရ စကစကို ဘယ်လိုအရေးယူမလဲဆိုတဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်မျိုး ကျွန်တော်တို့ ပြည်သူတွေက မျှော်လင့်တာပါ”လို့ သူက ဆိုပါတယ်။

အာဆီယံဘက်ကတော့ မြန်မာစစ်တပ်အပါအဝင် တခြားလက်နက်ကိုင်အစုအဖွဲ့တွေအနေနဲ့ အကြမ်းဖက်မှုတွေ အရှိန်လျော့ချဖို့နဲ့ လူနေအိမ်၊ ဘာသာရေးအဆောက် အအုံ၊ စာသင်ကျောင်း၊ ဆေးရုံ၊ဈေးစတဲ့ နေရာတွေနဲ့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ရပ်တန့်ဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ ဆုံးဖြတ်ခဲ့တဲ့အတိုင်း အာဆီယံထိပ်သီးအ စည်းအဝေးနဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးတွေမှာ မြန်မာဘက်က နိုင်ငံရေးကိုယ်စားပြုသူကိုတက်ရောက်ဖို့ တားမြစ်ပိတ်ပင်တဲ့မူကို ဆက်လက်စွဲကိုင်ထားမယ်လို့ ဆုံးဖြတ်ထားတာပါ။

စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အာဆီယံခေါင်းဆောင်တွေအနေနဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို ပြန်လည်သုံးသပ်ဆုံးဖြတ်ချက်ချတဲ့အပေါ် အာဆီယံအဖွဲ့ဝင် နိုင်ငံတနိုင်ငံရဲ့ ပြည်တွင်းရေး တခြားနိုင်ငံက ဝင်ရောက်စွက်ဖက်ခြင်းမပြုဖို့ စက်တင်ဘာ ၅ ရက်နေ့မှာပဲ ကန့်ကွက်ထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ-NBNC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.