“စစ်ကောင်စီက သူတို့ယူထားတဲ့ စီးပွားရေးအခွင့်ထူးခံတွေ၊ အုပ်ချုပ်ရေးအခွင့်ထူးခံတွေကို သူတို့မနိုင်တော့ဘူး။  ကြာလေပိုပြီးပရမ်းပတာ ဖြစ်လေ၊ မနိုင်မနင်းဖြစ်လေလိုပဲ မြင်ပါတယ် ”

အာဏာသိမ်း စစ်အုပ်စုရဲ့ မဲစာရင်းမှားယွင်းမှု အကြောင်းပြချက်နဲ့ နိုင်ငံတော် အာဏာသိမ်းယူမှုကြောင့် ပေါ် ပေါက်လာတဲ့ နွေဦးတော်လှန်ရေးဟာ အခုဆိုရင် ၃ နှစ်ထဲ ရောက်ရှိလာပြီး ဖြစ်ပါတယ်။ ဒီကာလအတွင်းမှာ အတိုက်ခံတော်လှန်ရေးအင်အားစုတွေဟာ စစ်အုပ်စုကို စစ်ရေး၊ နိုင်ငံရေးအပြင် သံတမန်ရေးရာ တိုက်ပွဲတွေ မှာ နည်းလမ်းမျိုးစုံနဲ့ ဖိအားပေးထားနိုင်ပြီး စစ်မျက်နှာအများစုမှာ အသားစီရလာတာနဲ့အမျှ စစ်ကောင်စီဘက် က လူထုကို အကြမ်းဖက်ဖိနှိပ်မှုတွေ ပိုမိုပြုလုပ်တာပါ။

ဒါကြောင့် ပြည်တွင်းစစ်မီး ပိုမိုတောက်လောင်တဲ့ အခြေအနေ၊ စစ်အုပ်စုအနေနဲ့ သူထွက်ပေါက်ရဖို့ ဘာတွေ ထပ်ပြီး လုပ်လာနိုင်ဖွယ်ရှိလဲ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်သုံးလာနိုင်တဲ့ အခြေအနေနဲ့ နွေဦးတော်လှန်ရေး ဘယ်လောက်အထိ ခရီးပေါက်နေပြီးလဲ။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး မြန်မာ့နိုင်ငံ ရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောနဲ့ဆက်သွယ်မေးမြန်းချက်။

၁။ အရင်ဆုံးအနေနဲ့ ပြည်တွင်းစစ်မီး ပိုမိုတောက်လာတဲ့ မြန်မာနိုင်ငံရေးအပေါ် ဘယ်လိုမြင်ပါသလဲ။ စစ်ကောင်စီဘက်ကရော ဘယ်လိုခြေလှမ်းတွေ ပြင်လာနိုင်တယ်လို့ သုံးသပ်ပါသလဲ။

စစ်ကောင်စီရဲ့ ဗရမ်းပတာဖြစ်မှုတွေပေါ့၊ ကျွန်မကြည့်ရတာ စစ်ကောင်စီမှာ ရေရှည်မဟာဗျူဟာ ရှိပုံမရဘူး။ ဟိုနေရာဟိုတက်နဲ့လှော်၊ ဒီနေရာဒီတက်နဲ့လှော်ပဲ။ အဲဒီလိုပဲ လုပ်နေပုံရတယ်။ ဒါကြောင့်မို့ ဝန်ကြီးဌာနတစ်ခု အဆင်မပြေဘူးဆို ဝန်ကြီးကိုပြောင်းလိုက်။ အမှန်ဆိုစပြီးတော့ ဒီဟာက စစ်ကောင်စီရဲ့ အဓိက တာဝန်ခံက မင်းအောင်လှိုင်ပဲလေ။ မင်းအောင်လှိုင်က အာဏာသိမ်းတာကိုကလည်း သူသမ္မတလုပ်ချင်လို့ အာဏာသိမ်း တာပဲလေ။ အဲဒီအခြေခံပေါ်မှာ သူတို့လုပ်သမျှတွေဟာ ကိုးရိုးကားရားတွေဖြစ်မှာပဲ။ စစ်အာဏာရှင်စနစ်ကို ခိုင်မာအောင် နည်းလမ်းပေါင်းစုံနဲ့ လုပ်နေတာ။ ဗိုလ်နေဝင်းတို့ခေတ်က မဆလခေတ်က မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ဆိုတာ မှိုင်းတိုက်ပြီး ပြည်သူလူထုကို တစ်စုံတစ်ရာ ငြိမ်အောင်လုပ်နိုင်တယ်။ ဗိုလ်သန်းရွှေတို့တုန်းကလည်း ဒီလက်နက်ကိုင်အင်အားစုတွေကို ငြိမ်းချမ်းရေးပေးပြီး လုပ်ချင်တာလုပ် ဘိန်းချဘာချ၊ အကုန်လုပ်ချင်တာလုပ်ပြီး သူတို့ကာလတစ်ပိုင်း ထိန်းနိုင်တယ်။ ဒီစစ်ကောင်စီမှာကျ ပြည်သူလူထုကို ဘာမှဖြားယောင်းစရာ ညာစရာမရှိတော့ဘူး။ အဓိကဖိနှိပ်သတ်ဖြတ်ဖို့ပဲ။ စစ်ရေးအရလည်း ဖိနှိပ်တယ်။ အုပ်ချုပ်ရေးအရလည်း ဘတ်ပေါင်းစုံက ချွတ်ခြုံကျလာပြီး စီးပွားရေးကိစ္စ အဲဒါတွေကို သူကတရားခံရှာပြီး ဟိုပြောင်းဒီပြောင်းလုပ်တယ်။ ဘာမှထူးခြားတယ်လို့ မထင်ဘူး။ စစ်ကောင်စီအစိုးရရဲ့ ပရမ်းပတာဖြစ်မှုလို့ပဲ ကျွန်မမြင်တယ်။ ကြာလေ ပိုပြီးပရမ်းပတာ ဖြစ်လေ၊ မနိုင်မနင်းဖြစ်လေလိုပဲ မြင်ပါတယ်။

 ၂။ စစ်အုပ်စုကတော့ လာမယ့် ၂၀၂၄ ခုနှစ်မှာ သန်းခေါင်စာရင်းကောက်မယ်၊ သန်းခေါင်စာရင်း ကောက်ပြီးရင် ရွေးကောက်ပွဲ လုပ်ပေးမယ်လို့ ပြောလာတာတွေ တွေ့ရပါတယ်။ ဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

စစ်ကောင်စီက သူတို့ထွက်ပေါက်က ရွေးကောက်ပွဲဘယ်လိုနည်းနဲ့ပဲ လုပ်လုပ် ရွေးကောက်ပွဲက တရားဝင်ဟို တုန်းကလိုပဲ ရွေးကောက်ပြီးအရပ်သားအစိုးရပြန်ဖြစ်အောင်လုပ်ဖို့ လမ်းရှိတယ်။ ဒါသူတို့ရဲ့ ထွက်ပေါက်။ အဲဒီအတွက် သူတို့နည်းလမ်းပေါင်းစုံနဲ့ သန်းခေါင်စာရင်းတွေ ကောက်မယ်။ မနေ့ကတွေ့လိုက်တယ်။ စက်နဲ့ မဲပေးတာတွေ သင်ပြပေးတယ်တို့ ဒါတွေက အပေါ်ယံလုပ်နေတာပါပဲ။ ဘယ်လိုပဲလုပ်လုပ် ကျွန်မကြည့်တာ သူတို့ရဲ့ထွက်ပေါက်ရောက်အောင် ရွေးကောက်ပွဲရောက်အောင် မထင်ဘူး။ ဒါအချိန်ဆွဲဖို့ လုပ်တယ်လို့ပဲ မြင် တယ်။

 ၃။ စစ်အုပ်စုအနေနဲ့ သူထွက်ပေါက်ရဖို့ ဘာတွေထပ်ပြီး လုပ်လာနိုင်ဖွယ် ရှိလဲ။ ဒီအပေါ်မှာ သုံးသပ်ပေးပါဦး။

စစ်ကောင်စီက သူတို့ယူထားတဲ့ စီးပွားရေးအခွင့်ထူးခံတွေ၊ အုပ်ချုပ်ရေးအခွင့်ထူးခံတွေကို သူတို့မနိုင်တော့ဘူး။ ဒါဟာ တစ်ပြည်လုံးပြည်သူတွေရဲ့ ဆန္ဒနဲ့ဝေမျှပြီးမှ လုပ်မှဖြစ်တော့မယ်လို့ သူတို့ရဲ့စိတ်ကိုပြင်မှ စစ်တပ်က ထွက်ပေါက်ရမယ်။ ဒီလိုမှမဟုတ် ငါတို့သတ်ပြလိုက်မယ်။ ငါတို့ညာပြလိုက်မယ်။ အဲဒီစိတ်ကို ဝင်နေသ၍ ငါတို့ရထားတဲ့ အခွင့်အရေးကို လက်မလွှတ်နိုင်ဘူး။ အဲဒါတွေ လက်မလွှတ်ရအောင် ငါတို့လုပ်နိုင်သမျှတွေ လုပ်မယ်ဆိုတဲ့စိတ်နဲ့ လူတွေကို သတ်ချင်သလိုသတ်၊ ထောင်ချချင်သလို ချ၊ လေယာဉ်ပျံနဲ့ ဗုံးကြဲချင်သလိုကြဲ လုပ်ချင်တာတွေ အကုန်လျှောက်လုပ်နေသ၍ သူတို့အတွက် ထွက်ပေါက်မမြင်ဘူး။ ပြည်သူလူထုကလည်း ဒီတစ်ခေါက်ကတော့ တော်တော်ပြတ်သားနေပြီ။ ဒီစစ်အာဏာရှင်စနစ်ကို အပြတ်တိုက်တော့မယ်ဆိုတဲ့ စိတ်နဲ့ တိုက်နေတာ။ တော်လှန်ရေးသမားတွေဘက်က စနစ်တကျနဲ့တပ်ပေါင်းစုကြီးဖွဲ့ပြီး တိုက်နိုင်ရင်ပိုပြီးမြန်မယ်။ အဲဒီလို မတိုက်နိုင်ရင်တော့ ပိုကြာမယ်။ ကြည့်ရတာ ဒီတစ်ခေါက်တော့ ပြည်သူလူထုက အလျော့ပေးတော့မှာ မဟုတ်ဘူး။ ဆက်သွားမှာ။ စစ်တပ်ဘက်ကလည်း ကျဆုံးဖို့ လမ်းတွေက ပိုများသွားလိမ့်မယ်လို့ မြင်ပါတယ်။

၄။ အာဆီယံအစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ အလှည့်ကျ ဥက္ကဋ္ဌနေရာအတွက် ဖိလစ်ပိုင်ကို လွှဲပြောင်းပေးတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။ ဒီအခင်းအကျင်းက စစ်ကောင်စီအုပ်စုအတွက် သံတမန်အရေး ထိခိုက်မှုတွေ ရှိလာနိုင်လား။

စစ်ကောင်စီဘက်က တောင်းဆိုတာလို့ ပြောတယ်။ သူတို့က ၂၀၁၆မှာ လုပ်လို့မဖြစ်ပါဘူးပြောတယ်။ ဒါကြောင့်မို့ သူတို့မလုပ်တော့ပါဘူးဆိုပြီး သူတို့တောင်းဆိုတာလို့ ပြောတယ်။ အင်တာဗျူးတစ်ခုမှာ အာဆီယံကလူက ဖြေထားတာဖတ်လိုက်ရတယ်။  အာဆီယံက အစိုးရတွေကပဲ ပေါင်းလုပ်တယ်ဆိုပေမယ့် ကျွန်တော်တို့က စီးပွားရေးအဓိကပါတဲ့။ မြန်မာပြည်ကိစ္စပြောရင် နိုင်ငံရေးကို နိုင်ငံရေးလို့ပဲ သဘောထားပါတယ်တဲ့။ ကုန်သွယ်ရေးကတော့ ကုန်သွယ်ရေးဆက်လုပ်စရာရှိတာ ဆက်လုပ်မှာပါပဲတဲ့။

အာရှရဲ့ထောက်ပံ့ရေးလမ်းကြောင်းကြီးက မြန်မာပြည်ပါမှဖြစ်တာမို့ မြန်မာပြည်ကို ကုန်သွယ်ဘက်အနေ နဲ့ လည်း ဆက်ဆံမယ်။ ဒါမျိုးတွေကိုတော့ ဆက်လုပ်နေမှာပါလို့ ပြောသွားတယ်။ အာဆီယံကတော့ အစိုးရကို မဖိတ်တာပဲ ရှိမယ်။ ကျန်တာတွေကတော့ ဆက်လုပ်နေရမယ်တဲ့။ အာဆီယံကလည်း ပြောတယ်လေ။ NUGနဲ့ လည်း ဆက်ဆံမယ်ဆိုတော့ သူတို့ဘက်စုံက ဆောင်ရွက်မယ်လို့ ထင်တယ်။

၅။ စစ်အုပ်စုအနေနဲ့ သံတမန်ရေး တိုက်ပွဲမှာ ဘယ်လောက်အထိ အရေးနိမ့်နေပြီလဲ။ သုံးသပ်ပေးပါဦး။

သံတမန်အရလည်းသူတော်တော်အားနည်းနေတာ တွေ့ရတယ်။ အာဆီယံကို သူတို့ပွဲကို တက်လို့မရတာလေ။ ၂၀၂၁က မင်းအောင်လှိုင်တစ်ခေါက်သွားတက်သေးတာက နောက်တစ်ခါမှမခေါ်တော့ဘူး။ ကျွန်မ ကြည့်တာ စစ်တပ်က ဒါတွေလည်း သိပ်ဂရုမစိုက်ဘူးဗျ။ ဒီဟာတွေကို သူကဟန်တွေပန်တွေနဲ့ပဲ တောပြော တောင်ပြောတာ။ သူဒီလောက် ဂရုမစိုက်ပါဘူး။ သူပြည်တွင်းမှာ ဖိလို့ရရေးပဲ ဂရုစိုက်နေတာ။ အာဆီယံကိုလည်း သူဂရုမစိုက်ဘူး။ အာဆီယံက အစိုးရချင်းဆက်ဆံတာက တစ်ပိုင်း။ သူက စီးပွားရေးအရက မြန်မာပြည်ကို ပစ်ပယ်မထားဘူး။ ဗမာပြည်မှာ ဆက်လက်ပြီးတော့ အာဆီယံအသိုင်းအဝိုင်းနဲ့ ဆက်စပ်ပြီးတော့ ကွင်းဆက်ကြီးတစ်ခုမှာ ပါဝင်နေတာဖြစ်တယ်။ အာဆီယံက သူတို့ပြောစကားနားမထောင်ရင် မြန်မာပြည်ကို ထုတ်ပစ်မှာလား။ ကျွန်မမထင်ဘူး။ မြန်မာပြည်ကိုထုတ်ပစ်ဖို့က ကုန်သွယ်ရေးတွေဘာတွေက ဆက်ဆံမှု ရှိတယ်။ ပြည်သူအချင်းအချင်းဆက်ဆံတာက NGOတွေနဲ့ဆက်ဆံတာဖြစ်တယ်။ ဆိုတော့ ဘက်စုံက ဆက်ဆံ တာဖြစ်တော့ စစ်ကောင်စီ လိုက်လုပ်တာမလုပ်တာထားတော့။ အာဆီယံကလည်း သူ့ဒုက္ခနဲ့သူ ၁၀နိုင်ငံလုံး သဘောတူဖို့က ညှိနေရတယ်ထင်တာပဲ။ စစ်ကောင်စီကလည်း အာဆီယံကို သိပ်ဂရုစိုက်ပုံမပေါ်ပါဘူး ။

၆။ အဘက်ဘက်က အရေးနိမ့်နေတဲ့ စစ်ကောင်စီအနေနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုပုံစံမျိုးနဲ့ ထုတ်သုံးလာနိုင်လဲ။ ဒီအပေါ်မှာ သုံးသပ်ပေးပါဦး။

အခုလောလောဆယ်တော့ သူတို့ထုတ်သုံးလိမ့်မယ်မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ဒေါ်အောင် ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ပုဂ္ဂိုလ်ရေးအရပါ အာဃာတကြီးပုံရတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လော လောဆယ်တော့ ပြန်ထုတ်သုံးမယ်မထင်ဘူး။ ဟိုတုန်းက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ထုတ်သုံးတာက ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားရင်ကြားစေ့ရေးကို စိတ်မကုန်ဘူး။ စစ်တပ်ကို သူ့အနေနဲ့ စစ်တပ်ကို စည်းရုံးရင်ရမယ်လို့ သူ့အနေနဲ့ တွက်ပုံရတယ်။ အခုချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြတ်နေပြီ။ အမျိုးသားရင်ကြားစေ့နဲ့ မဖြစ်တော့ဘူးဆိုတော့လည်း ပြတ်နေပြီ။ စစ်ကောင်စီဘက်ကလည်း ဒေါ်အောင်ဆန်း စုကြည်ကို ပြတ်နေတာဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်သုံးတယ်လို့တော့ ကျွန်မမထင်ဘူး။ ဒါပေမယ့် ဘာလို့သတင်းတွေ ထုတ်နေတာလဲဆိုတော့ စစ်ကောင်စီက ဂျင်းထည့်နေတာပေါ့နော်။ ဒေါ်အောင်ဆန်းစု ကြည်နဲ့ ပြန်ပြီးစေ့စပ်မယ်တို့ဘာတို့ သူဘာသာထည့်နေတာ ဂျင်းတွေ။ နှစ်ဖက်စလုံးက ပြတ်နေပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြတ်သားသွားပြီ။ စစ်ကောင်စီကလည်း ပြတ်သားသွားပါပြီ။ ပြန်ထုတ်သုံး မယ်လို့ မထင်ပါဘူး။

၇။ ပြည်သူတွေရဲ့ ခုခံတော်လှန်မှု နွေဦးတော်လှန်ရေးဟာ ဘယ်လောက်အတိုင်းအတာအထိ ခရီးပေါက်လာ တယ်လို့ မြင်ပါသလဲ။

နွေဦးတော်လှန်ရေးက ၁၉၆၂ဇူလိုင် ၇ရက်နေ့တည်းက စခဲ့တယ်။ နွေဉီးတော်လှန်ရေးက စစ်အာဏာရှင် အဆက်ဆက်ရဲ့ တိုက်ပွဲက ကျွန်မတို့ ပြည်သူတွေရဲ့ တိုက်ပွဲက တဆက်တည်းပဲ။ အဲဒီတည်းက အဆက်ပဲ။ ဒီအဆက်မှာ ဒီနွေဦးတော်လှန်ရေးမှာ အရင်ကမရခဲ့တဲ့ အားကောင်းချက်တွေ ရှိတာမှန်တယ်။ ဒါပေမယ့် အောင်ပွဲမရတဲ့အထိ သွားဖို့ဆိုရင် မြန်မြန်အောင်မှလည်း ပြည်သူတွေက ဒီဒုက္ခဆင်းရဲကို လွတ်မှာ။ စစ်အာ ဏာရှင်စနစ်ကို မလိုချင်တဲ့သူတွေအားလုံး တညီတညွတ်တည်း စုစည်းပြီးဟန်ချက်ညီညီ တစ်ခုတည်းသော အမိန့်ပေးမှုစနစ်အောက်မှာ ဟန်ချက်ညီညီနဲ့ ဆက်လက်ပြီးလုပ်ဆောင်ဖို့ လိုပါတယ်။ ကျွန်မတို့ အချင်းချင်း ကြားမှာရှိတဲ့ မကျေနပ်ချက်တွေ၊ ပဋိပက္ခတွေကို တတ်နိုင်သမျှ ပြေလည်အောင် ဖြေရှင်းပြီးတော့ ကျွန်မတို့ တပ်ပေါင်းစုကိုပိုပြီး ကျယ်ပြန့်အောင်လုပ်ပြီး ကျွန်မတို့တောင်လှန်ရေးကို ရှေ့ဆက်ဖို့လိုပါတယ်။ များများ ညီ ညွတ်လေ ဒီတော်လှန်ရေးက အောင်ပွဲရလေ မြန်မယ်ထင်တာပဲ။ ကျွန်မတို့ အချင်းချင်းကြားမှာ ပဋိပက္ခများ လေလေ ဒီတော်လှန်ရေးက ရှည်ကြာလေ ဖြစ်မှာပဲ။ ပြည်သူလူထု ပိုနစ်နာမှာဖြစ်ပါတယ်။ အဲဒါပဲကျွန်မ ပြောချင်ပါတယ်။

 ၈။ နောက်ဆုံးအနေနဲ့ ဘာများဖြည့်စွက်ပြောကြားလိုတာ ရှိမလဲ။

ကျွန်မပြောချင်တာ တပ်ပေါင်းစုကိစ္စပဲ။ ပြည်သူလူထုမျက်နှာကို ထောက်ပြီးတော့ ကျွန်မတို့ တော်လှန်ရေး သမားအချင်းချင်းကြားရှိနေတဲ့ ပဋိပက္ခတွေ၊ မကျေနပ်ချက်တွေကို တတ်နိုင်သမျှ လျော့ပါးအောင် ပြေလည် အောင်လုပ်ပြီး ပိုပြီးညီညွတ်စွာနဲ့ ဆက်လက်ချီတက်ကြပါလို့ပဲ ကျွန်မပြောချင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.