တနင်္သာရီ၊ စက်တင်ဘာ(၈)

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ အော်ကြီးကျေးရွာအနီးမှာ စစ်ကောင်စီ ကားတစ်စီးနဲ့ခြေလျင်စစ်ကြောင်းတို့ ကြားဖြတ်တိုက်ခိုက်ခံရပြီး ဗိုလ်တစ်ဦးအပါအဝင် ၄ ဦးသေဆုံးခဲ့တယ်လို့ တိုင်း(ပကဖ) တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စက်တင်ဘာ ၆ ရက်နေ့ နေ့လည် ၁ နာရီခွဲအချိန်ခန့်က တနင်္သာရီမြို့နယ် ဇဝဲကျေးရွာအခြေစိုက် စစ်ကောင်စီ အမှတ်(၅၆၆) ခြေမြန်တပ်ရင်းကနေ ထွက်လာတဲ့ ဗွီဂိုစစ်ကားတစ်စီးကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။

အဲဒီနောက် စစ်ကားမိုင်းဆွဲတိုက်ခိုက်ခံရမှုအပေါ် စစ်ကူလာတဲ့ စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို အသင့်စောင့်ဆိုင်းပြီး ထပ်မံတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က အထိနာခဲ့တာ ဖြစ်ပါတယ်။

တိုက်ခိုက်မှုအတွင်း အထိနာသွားတဲ့ စစ်ကောင်စီတပ်ဟာ ထိခိုက်သေဆုံးသွားတဲ့ တပ်ဖွဲ့ဝင်တွေကို ပြန်လည်ကောက်ယူသွားပြီး မြိတ်ဆေးရုံထံ သယ်ဆောင်သွားတယ်လို့ တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကိုတော့ ပုလောမြို့နယ် ပကဖ၊ ရိုးမကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့၊ တောပုန်းကြီးအဖွဲ့တွေအပါအဝင် မဟာမိတ်အဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ

ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်နေ့ကလည်း တနင်္သာရီမြို့အဝင် လမ်းဆုံ ဗိုလ်ချုပ်ကြေးရုပ်နားအနီးရှိ စစ်ကောင်စီ ကင်းပုန်းတပ်ဖွဲ့ဝင် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရှိခဲ့ပါသေးတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ-Tanintharyi PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.