သထုံ – စက်တင်ဘာ(၈)

စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းတို့အဖွဲ့ ဒေသခံတွေနဲ့ တွေ့ဆုံပွဲလုပ်ဖို့ စီစဉ်ထားတဲ့ သထုံမြို့နယ်၊ နောင်ကုလားကျေးရွာရှိ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ရုံးကို စက်တင်ဘာ ၈ ရက်နေ့ မနက် ၅ နာရီအချိန်ခန့်က မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ သထုံခရိုင် PDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တွေ့ဆုံပွဲလုပ်ဖို့ စီစဉ်ထားတဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ရုံးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လုံခြုံယူထားစဉ် သထုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသ PDF ဘက်က ပြောဆိုပေမယ့် သံလွင်တိုင်းမ်အနေနဲ့ ထိခိုက်မှုအခြေအနေကို အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

သထုံခရိုင် PDF တာဝန်ခံကတော့ တွေ့ဆုံပွဲလုပ်မယ့်အချိန်မှာ တိုက်ခိုက်ပါက ဒေသခံတွေ ထိခိုက်မှာ စိုးရိမ်တာကြောင့် မနက်အစောပိုင်း သတိပေးတဲ့အနေနဲ့ မိုင်းခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒေသခံတွေအဆိုအရ မနက်အစောပိုင်းမှာ PNO ရုံးနေရာအနီး ပေါက်ကွဲအသံကြားရပေမယ့် ထိခိုက်ပျက်စီးမှု အခြေအနေကိုတော့ မသိရဘူးလို့ ပြောဆိုပါတယ်။

အဲဒီဖြစ်စဉ်ကြောင့် စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းတို့အဖွဲ့ဟာ PNO ရုံးနေရာအစား နောင်ကုလားကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှာ တွေ့ဆုံပွဲလုပ်ပြီး နေ့လည် ၁၂ နာရီလောက်မှာ ပြန်လည်ထွက်ခွာသွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – U Aung Kyi Thein(Facebook)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.