မော်လမြိုင်၊ စက်တင်ဘာ(၈)

မွန်ပြည်နယ်၊ ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေထံ မိသားစုဝင်တွေရဲ့ စားစရာတွေနဲ့ ပါဆယ်ပစ္စည်းပို့ဆောင်ခွင့်ကို စစ်ကောင်စီဘက်က ကန့်သတ်တာတွေ လုပ်ဆောင်လာတယ်လို့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဟာ တခြားပြစ်မှုတွေနဲ့ အကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေ ပါ ဆယ်ပစ္စည်းပို့ပါက အပြည့်အဝလက်ခံပေမယ့် နိုင်ငံရေးပုဒ်မတွေနဲ့ အကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေကိုတော့ ပါဆယ်ပစ္စည်း ပို့ဆောင်ခွင့်ကို ကန့်သတ်လာတာ ဖြစ်ပါတယ်။

နိုင်ငံအကျဉ်းသားတွေထံ ပါဆယ်ပစ္စည်ပို့ဆောင်ခွင့်ကို အရင်ကတစ်ပတ်နှစ်ကြိမ် ပို့ခွင့်ပေးအပ်ခဲ့ပေမယ့် အခုအခါမှာတော့ တစ်ပတ်လျှင်တစ်ကြိမ်၊ ပါဆယ်ပစ္စည်းပို့ရာမှာလည်း ခေါက်ဆွဲခြောက် ၅ ထုပ်၊ ကော်ဖီမစ်အထုပ်သေး ၇ ထုပ်၊ အသားဟင်းတွေကိုလည်း ၅၀ သားအောက်သာပို့ဖို့ စည်းကမ်းချက်ထုတ်ပြန်ထားတာပါ။

အကန့်အသတ်နဲ့ ပါဆယ်ပစ္စည်းပို့ရာမှာလည်း စစ်ဆေးမှုတွေ ပိုမိုတင်းကျပ်ထားပြီး မှတ်ပုံတင်၊ သန်းခေါင်စာရင်းမိတ္တူကအစ ပြသပေးနေရတယ်လို့ နိုင်ငံရေးအကျဉ်းသား မိသားစုနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။။

“အရင်တုန်းကထက်ကို ကျပ်တည်းမှုတွေ လုပ်လာတာပေါ့။ ပါဆယ်ပို့ရင် လူတစ်ယောက်ကို အရင်တုန်းကဆိုရင် (၂)ထုပ်လောက်ပို့လို့ရတယ်၊ တစ်ပတ်မှာ(၂)ခါပို့ လို့ရတယ်။ သူတို့စည်းကမ်းသတ်မှတ်ချက်အရပေါ့။ အခုကလူတစ်ယောက်ကို တစ်ပတ်ကိုတစ်ကြိမ်ပဲ ပို့လို့ရတယ်။ ပြီးသွားရင် ပစ္စည်းကိုလည်း အရင်တုန်းကဆိုရင် ကြိုက်သလောက် ဖွင့်ထားပေးတယ်။ အခုက ကော်ဖီမစ်ဆို တစ်ခွက်စာ အထုပ်သေး (၇)ထုပ်၊ ခေါက်ဆွဲခြောက်ဆိုရင် (၅)ထုပ်ပဲ ခွင့်ပြုတယ်။ အသားဟင်း၊ ငါးဟင်းဆိုလည်း (၅၀)သားအောက်ပဲရတယ်။ ပြီးတော့ပါဆယ်လာပို့တဲ့သူတွေလည်း အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင် ပြရတယ်။ လက်မှတ်က (၂)ကြိမ် ထိုးရတယ်။ တခြားအမှုတွေက နိုင်ငံရေးသမားတွေလောက် စည်း ကမ်းသတ်မှတ်ချက် သိပ်မရှိဘူး။ တန်းစီစရာမလိုဘူး။ သူတို့အထုပ်ကို တစ်ခါတည်း အိမ်ပြောင်းသ လိုပဲပေါ့။ ဖွင့်ထားပေးတယ်။ ဘာမှအစစ်အဆေး မရှိဘူး။ အမှုပုဒ်မပြောလိုက်ရင် သူတို့မှာနားလည်မှုလုပ်ထားတယ်။ သူတို့ကျတော့ လွတ်လပ်ခွင့်အကုန်ပေးတယ်”လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေက ပေးပို့လာတဲ့ စားသောက်ကုန်၊ ဆေးဝါးနဲ့ အသုံးအဆောင် ပစ္စည်းတွေကိုလည်း အပြည့်အဝပေးခြင်းမရှိဘဲ ထောင်ဝန်ထမ်းတွေက လိုသလောက်ယူထားကာ ထောင်အတွင်းရှိ သက်သာဆိုင်တွေမှာ ပြန်လည်ရောင်းချတာတွေ ရှိတယ်လို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးဌာနက ဝန်ထမ်းတွေဟာ နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုဝင်တွေနဲ့ တွေ့ခွင့်မပေးဘဲ အဆက်အသွယ် ဖြတ်တောက်တာ၊ နည်းအမျိုးမျိုးနဲ့ ငွေကြေး လိမ်လည်တောင်းခံတာတွေ ကျူးလွန်နေတယ်လို့ ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေက ဆိုကြပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးကတော့ စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်ဟာ နိုင်ငံရေး အကျဉ်းသားတွေကို သက်သက်မဲ့အနိုင်ကျင့်ဖိနှိပ်မှုဖြစ်ပြီး လူ့အခွင့် အရေးနဲ့ ထောင်တွင်းစည်းကမ်းချက်တွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာလို့ ဝေဖန်ပါတယ်။

“သူက အခုသူနိုင်စရာက တခြားဟာတွေ သိပ်မရှိတော့ သူ့လက်ထဲမှာရှိတဲ့ သူကိုပဲအနိုင်ကျင့်တယ်။ ဒီရည်ရွယ်ချက်ပေါ့။ ကျွန်တော်တို့ မြင်တာတော့ နိုင်ငံရေးအကျဉ်းသားတွေကို နိုင်လို့ရတယ်ပေါ့။ မင်းတို့လူတွေ ငါ့လက်ထဲမှာရှိတယ်။ မင်းတို့လူတွေကို နိုင်နေသေးတယ်ဆိုတဲ့ ပေါ်လစီနဲ့လုပ်နေတာပေါ့။ လူ့အခွင့်အရေးချိုးဖောက်တယ်။ သူတို့ထောင်ရဲ့စည်းကမ်းအရ အကျဉ်းသားအခွင့်အရေးဆိုတဲ့ ဟာတွေ သူတို့ထောင်ထဲမှာရေးထားတဲ့ စည်းကမ်းချက်တွေရှိတယ်။ အဲဒီစည်းကမ်းချက်တွေကိုပါ ချိုးဖောက်တာ၊ လူ့အခွင့်အရေးရော ချိုးဖောက်တယ်၊ ထောင်တွင်းစည်းကမ်းချက်တွေကိုလည်း သူတို့သဘောနဲ့ သူတို့ချိုးဖောက်တယ်”လို့ ဆိုပါတယ်။

စစ်ကောင်စီလက်ထက်မှာ နိုင်ငံရေးအကျဉ်းသားတွေဟာ တခြားပြစ်မှုကျူလွန်ပြီး ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားတွေထက် ထောင်တွင်းဖိနှိပ်မှုမျိုးစုံ ပြုလုပ်ခံနေရသလို ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ တောင်းဆိုပါကလည်း တိုက်ပိတ်တာတွေ၊ ထောင်ပြောင်းရွေ့ခံရတာတွေ ရှိနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တစ်ခါတစ်ရံ ညဘက်တွေမှာ အင်အားအလုံးအရင်းနဲ့ လာရောက်ခေါ်ဆောင်တာတွေရှိပြီး ခေါ်ဆောင်ခံရတဲ့ နိုင်ငံရေး အကျဉ်းသားတွေဟာ မိသားစုဝင်တွေနဲ့ လုံးဝအဆက်အသွယ် ပြတ်တောက်သွားတာတွေရှိတယ်လို့ သိရပါတယ်။

တဖက်မှာတော့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝ မပေးတော့သလို နည်းအမျိုးမျိုးနဲ့ လူ့အခွင့်အရေး ချိုးဖောက်တာတွေ၊ စိတ်အနှောက်အယှက်ပေးတာတွေကိုလည်း မကြာခဏဆိုသလို လုပ်ဆောင်လာတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ဆိုကြပါတယ်။

မွန်ပြည်နယ်မှာတော့ နိုင်ငံရေးအကျဉ်းသားတွေကို ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ အများဆုံး ထားရှိထားပြီး ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အပါအဝင် အနယ်နယ်အရပ်ရပ်က နိုင်ငံရေးပုဒ်မတွေနဲ့ ဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား၊ အကျဉ်းသူ ၃၀၀ နီးပါး ရှိတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.