ညောင်လေးပင်၊ စက်တင်ဘာ(၇)

ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင်ထဲမှာ အခုရက်ပိုင်းအတွင်း အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားတဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦး သေဆုံးပြီး ၁၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုနဲ့ ကရင်အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေမှာ စစ်ကောင်စီ တပ်စခန်းတချို့ တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် တိုက်ပွဲတွေအတွင်း ထိခိုက်သေဆုံးမှုများပြားလာခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံပြည်သူလူထုတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်တာပါ။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် စက်တင်ဘာ ၁ ရက်နေ့ကနေ ၄ ရက်နေ့အထိ မုန်းမြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်က အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦး၊ အသက် ၈၃ နှစ်အရွယ် အဘွားအိုတစ်ဦးအပါအဝင် အရပ်သား ၄ ဦး သေဆုံးခဲ့ပြီး ကလေးသူငယ်၊အမျိူးသမီးတွေနဲ့ အရပ်သားဒေသခံ ၁၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ KNU ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီ အခြေစိုက်တပ်စခန်းတစ်ခုဖြစ်တဲ့ သစ်ချဆိပ်စခန်း သိမ်းပိုက်ခံရပြီးနောက် အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေထဲကို လက်နက်ကြီးပစ်ခတ်မှု ပိုမိုကျူးလွန်လာတယ်လို့ ကရင်အရပ်ဘက်အဖွဲ့အစည်းတွေက ဆိုပါတယ်။

“ညောင်လေးပင်ခရိုင်မှာဆိုရင် လက်ရှိအချိန်မှာ စစ်ကောင်စီရဲ့ခြေကုပ်စခန်းတော်တော်များများက ဆုံးရှုံးသွားပါပြီ။ KNU နဲ့ ပူးပေါင်းအဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကြောင့်ပေ့ါနော်။ ဆိုတော့ အဲဒီအနေအထားမျိုးမှာ သူတို့ရဲ့ခြေကုပ်စခန်းတွေ ဆုံးရှုံးသွားတဲ့အတွက်ကြောင့်မို့လို့ သူတို့အနေနဲ့ လက်နက်ကြီး၊ လေယာဉ်တွေနဲ့ မတရားကို ပြန်ပြန်ပြီးတော့မှ တုံ့ပြန်နေတာကို တွေ့ရတယ်ပေါ့နော်။ လေယာဉ်တွေကလည်း ရွာတွေရှိတဲ့နေရာ၊ ပြည်သူတွေရှိတဲ့နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ကျွန်တော်တို့တွေ့တယ်။ လက်နက်ကြီး ထိုနည်းလည်းကောင်းပဲ။ ရွာတွေထဲကို နေ့တိုင်းလိုလိုကြဲချတာတွေ ရှိနေတဲ့အတွက်ကြောင့်မို့လို့ ပြည်သူလူထုက ဒဏ်ရာရသေဆုံးတာတွေ အများဆုံး ကျွန်တော်တို့တွေ့ရတယ်” လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် (KPSN)ရဲ့ ပြောရေးဆို ခွင့်ရှိသူ စောလေးကပေါ်က ပြောပါတယ်။

စခန်းတိုက်ခိုက်သိမ်းပိုက်ခံနေရပြီး ထိခိုက်သေဆုံး ဒဏ်ရာရရှိမှုများပြားနေတဲ့ စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူအပေါ် ပစ်မှတ်ထားပြီး ကျေးရွာနဲ့ လယ်ယာလုပ်ငန်းခွင်တွေထဲကို လက်နက်ကြီးပစ်ခတ်တာ၊ လေယာဉ်ဗုံးကြဲတိုက်ခိုက်တာ၊ ဒရုန်းပစ်ချတိုက်ခိုက်တာတွေ နေ့စဉ်ဆိုသလို လုပ်ဆောင်နေလျက်ရှိပြီး လူ့အခွင့်အရေးချိုးဖောက်တာတွေ ဆက်တိုက်ကျူးလွန်နေတာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်က KNU ကျောက်ကြီးမြို့နယ် လော်မူသောကျေးရွာနဲ့ ဘုရားလေးကုန်းဘုန်းကြီးကျောင်းအနီးကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဘုန်းကြီးကျောင်းတစ်ကျောင်းနဲ့ နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ရပြီး ဒေသ ခံပြည်သူ ၇၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် KNU ညောင်လေးပင်ခရိုင်အတွင်း ဒေသခံပြည်သူ နှစ်သိန်းကျော် ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး စစ်ဘေးရှောင်ပြည်သူတွေအတွက် လူသားချင်းစာနာမှုအကူအညီတွေလည်း လိုအပ်လျက်ရှိနေတယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် (KPSN)က ထုတ်ပြန်ပြောဆိုချက်အရ သိရပါတယ်။

သတင်း-သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.