မော်လမြိုင်၊ စက်တင်ဘာ(၇)

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကျောက်တန်းစက်မှုဇုန်ရှိ မော်လမြိုင် ကျောက်ကပ်သွေးသန့်စင် စင်တာကို အခုစက်တင်ဘာလကုန်ရင် ယာယီပိတ်သိမ်းမယ်လို့ မော်လမြိုင်ကျောက်ကပ်ဖောင်ဒေးရှင်းက စက်တင်ဘာ ၅ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

ကျောက်ကပ်သွေးသန့်စင် စင်တာမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျွမ်းကျင်သူနာပြုတွေ ထွက်ခွာသွားတာ၊ ကျွမ်းကျင်သူနာပြုအသစ်တွေ ထပ်ရှာလို့ မရသေးတဲ့အတွက် ယာယီပိတ်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ မော်လမြိုင်ကျောက်ကပ်ဖောင်ဒေးရှင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒါပေမဲ့ ကျောက်ကပ်လာဆေးတဲ့ လူနာတွေကို စက်တင်ဘာ ၃၀ ရက်နေ့အထိ လက်ခံဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ကျွမ်းကျင်သူနာပြုတွေ ခန့်အပ်နိုင်ပါက ပြန်လည်ဖွင့်လှစ်မယ့် နေ့ရက်ကို ကြေညာပေးမယ်လို့ ဆိုပါတယ်။

မော်လမြိုင် ကျောက်ကပ်သွေးသန့်စင် စင်တာကို၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ကျောက်ကပ်ပျက်ဆီးသွားတဲ့ ကျောက်ကပ်ဝေဒနာရှင်တွေကို ကျောက်ကပ်ဆေးကြောသန့်စင်ပေးနေတဲ့ စင်တာဖြစ်ပါတယ်။

ကျောက်ကပ်သွေးသန့်စင် စင်တာ ပိတ်သိမ်းမှုကြောင့် ကျောက်ကပ်ဝေဒနာရှင်တွေအတွက် အခက် အခဲရှိလာနိုင်ပြီး ပုဂ္ဂလိကဆေးရုံတွေမှာ သွားရောက်ကုသပါက ငွေကြေးကုန်ကျမှုများစွာ ဖြစ်ပေါ်လာနိုင်တယ်လို့ ကျောက်ကပ်ဝေဒနာရှင်တွေက ပြောပါတယ်။

မော်လမြိုင် ကျောက်ကပ်သွေးသန့်စင် စင်တာမှာ လစဉ် ကျောက်ကပ်ဝေဒနာရှင် ၂၀ နီးပါး လာရောက်ကုသနေတယ်လို့ မော်လမြိုင်ကျောက်ကပ်ဖောင်ဒေးရှင်း တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

သတင်း – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.