နေပြည်တော်၊ စက်တင်ဘာ(၇)

မဲစာရင်းမှားယွင်းမှု အကြောင်းပြချက်နဲ့ နိုင်ငံအာဏာကို မတရားသိမ်းယူထားတဲ့ စစ်ကောင်စီခန့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က လာမယ့် အထွေထွေရွေးကောက်ပွဲမှာ အသုံးပြုမယ့် အီလက်ထရောနစ် မဲပေးစက်နဲ့ပတ်သက်ပြီး နိုင်ငံရေးပါတီတွေကို ရှင်းလင်းချပြလာပါတယ်။

ရွေးကောက်ပွဲကော်မရှင်ကနေ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ချထားပေးတဲ့ ပါတီ ၃၆ ပါတီက ကိုယ်စားလှယ်တွေကို ဖိတ်ခေါ်ပြီး စက်တင်ဘာ ၅ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ အီလက်ထရောနစ် မဲပေးစက်ကို လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးတာတွေ ပြုလုပ်ခဲ့တာပါ။

စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌဦးသိန်းစိုးက အီလက်ထရောနစ်မဲပေးစက်ကို အသုံးပြုမဲပေးခြင်းဟာ မဲဆန္ဒရှင်ပြည်သူတွေအတွက် ပိုမိုရှင်းလင်းလွယ်ကူပြီး မဲရလဒ်တွေကိုလည်း တိကျမှန်ကန်စွာနဲ့ မြန်ဆန်စွာရေတွက်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူတစ်ဦးက အီလက်ထရောနစ်စက်နဲ့ မဲပေးတာဟာ ဖွံ့ဖြိုးပြီးဆဲ နိုင်ငံတွေတောင်မှ အားနည်းချက်တွေ ရှိနေတဲ့အတွက် မြန်မာနိုင်ငံလို မီးကမမှန်၊ အိုင်ဒီကတ်တွေတောင် အပြည့်အဝမလုပ်ပေးနိုင်တဲ့အခြေအနေမှာ မဖြစ်နိုင်ဘူးလို့ ထောက်ပြပါတယ်။

“အီလက်ထရောနစ်နဲ့ မဲပေးတာကတော့ ကျွန်တော်တို့ နိုင်ငံအနေနဲ့ မဟုတ်ဘူး။ ကျွန်တော်တို့ထက် ဖွံ့ဖြိုးပြီးဆဲနိုင်ငံတွေတောင်မှ ဒါတွေက အားနည်းချက်တွေရှိတယ်။ ကျွန်တော်တို့နိုင်ငံမှာ အိုင်ဒီကတ်တွေ လုပ်ပေးမယ်ဆိုတာတောင်မှ ပြည့်ပြည့်ဝဝ မလုပ်ပေးနိုင်ဘူး။ လျှပ်စစ်မီးကလည်း မမှန်ဘူး။ ဒါကြောင့် အီလက်ထရောနစ်ကိစ္စ လက်ရှိ (စစ်ကောင်စီ) သူကတော့ နိုင်ငံတကာကြားကောင်းအောင် သူကပြောနေမှာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံအနေနဲ့ လက်ရှိကမဖြစ်နိုင်ဘူး”လို့ သူက ဆိုပါတယ်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ မဲမသမာမှုအကြောင်းပြချက်နဲ့ နိုင်ငံအာဏာကိုသိမ်းယူထားတဲ့ စစ်ကောင်စီက အခုနှစ်ဖေဖော်ဝါရီ ဒုတိပတ်ကစပြီး နောင်ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ အီလက်ထရောနစ် မဲပေးစက်နဲ့ မဲပေးနိုင်ဖို့ ကြိုတင်ပြင်ဆင်လာနေတာပါ။

အဲဒီနောက်ပိုင်း စစ်ကောင်စီက အရေးပေါ်သက်တမ်း ၆ လ ထပ်မံတိုးယူပြီးနောက် ဩဂုတ်မှာတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် ပြည်ထောင်စုဝန်ကြီးတွေအပါအဝင် ထိပ်ပိုင်းအရာရှိတွေ၊ အရာထမ်း၊ အမှုထမ်းတွေနဲ့ အီလက်ထရောနစ်မဲပေးစက်ကို စမ်းသပ်သရုပ်ပြတာတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ပါတယ်။

ရွေးကောက်ပွဲကော်မရှင်အနေနဲ့ နောင်ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ စာရင်းပိတ်အချိုးကျကိုယ် စားပြုစနစ် (PR) ကို ပြောင်းလဲကျင့်သုံးသွားမှာဖြစ်ပြီး အဲဒီစနစ်နဲ့ ကိုက်ညီမယ့် သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေတွေကို ပြဌာန်းဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကတော့ စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကို အမှန်တကယ်လုပ်မယ်ဆိုတဲ့သဘောမျိုးနဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ ပုံဖော်နေတာတာဟာ နိုင်ငံတကာနဲ့ ပြည်တွင်းက လူထုတွေကို ဝါဒဖြန့်ချီနေတာလို့ သုံးသပ်ပါတယ်။

“သူတို့ ရွေးကောက်ပွဲကို အမှန်တကယ်လုပ်မယ်ဆိုတဲ့ ပုံဖော်နေတာပေါ့။ အဲဒီလိုမျိုး ဝါဒဖြန့်ချီနေတာပဲလေ။ သူတို့အရင်ကတည်းက ရွေးကောက်ပွဲနဲ့ အာဏာအပ်မယ်ဆိုတဲ့စကားကို ပြောထားတော့ ဒါ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေကို သူတို့ရေးဆွဲနေတာဆိုတဲ့ပုံစံမျိုး သူတို့ဘက်က ပြောနေတာ ဖြစ်တယ်။ ဒါကသိပ်ပြီး အံ့ဩစရာမရှိဘူး။ သူတို့ပြောနေကျစကား၊ သူတို့လုပ်နေကျအလုပ်။ တစ်ဖက်မှာလည်း အဲဒီလိုမဲစာရင်းတွေ မမှန်ကန်တဲ့အတွက် မဲခိုးတဲ့အတွက် မဲလိမ်တဲ့အတွက် အာဏာသိမ်းရပါတယ်ဆိုတဲ့ အကြောင်းပြချက်ကိုလည်း မဲမှန်အောင် သူတို့ဘက်က ကြိုးစားနေပါတယ်ဆိုတဲ့ ပုံဖော်ချင်တာလည်း ပါတာပေါ့။ နိုင်ငံတကားကိုလည်း သူတို့အာဏာကို မထိန်းသိမ်းထားပါဘူး၊ ရွေးကောက်ပွဲနဲ့ အာဏာကိုပြန်အပ်မယ်ဆိုပြီးတော့ နိုင်ငံတကာနဲ့ ပြည်တွင်းက ပြည်သူတွေကို သတင် းပေးနေတာ၊ ဝါဒဖြန့်နေတာ ဖြစ်ပါတယ်”လို့ သူက ဆိုပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ၂၀၂၄ ခုနှစ်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်းကောက်ယူပြီး မဲစာရင်းလုပ်ငန်းစဉ်တွေ လုပ်ဆောင်ပြီးမှသာ ရွေးကောက်ပွဲလုပ်မယ်လို့ စက်တင်ဘာ ၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီအစည်းအဝေးမှာ ပြောဆိုထားပါတယ်။

ဒါပေမယ့် ရွေးကောက်ပွဲကျင်းပမယ့်ရက်ကိုတော့ ဒီကနေ့အထိ သတ်မှတ်ကြေညာနိုင်ခြင်းမရှိသေးသလို အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တိုက်ပွဲကလည်း နိုင်ငံအနှံ့ ကျယ်ပြန့်လာနေပြီး ပြည်သူတွေကလည်း သေရေး၊ ရှင်ရေးနဲ့ နေ့စဉ်ပြေးလွှားရုန်းကန်နေကြရတာပါ။

ဒီအခြေအနေမှာ စစ်ကောင်စီဘက်က ရွေးကောက်ပွဲကျင်းပနိုင်ရေး နိုင်ငံတဝန်း တည်ငြိမ်အေးချမ်းမှုရှိစေဖို့ ဆောင်ရွက်သွားရမယ်လို့ ပြောဆိုနေတာဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲမျိုးဖြစ်ဖို့ လုံးဝစိတ်ကူးယဉ်နေရုံပဲရှိမယ်လို့ ဦးဖေသန်းက ထောက်ပြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO) တချို့နဲ့ တော်လှန်ရေးအင်အားစုတွေကတော့ စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲကို လက်မခံဘူးလို့ တရားဝင် ထုတ်ပြောထားကြပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီပြဌာန်းခဲ့တဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေအရပါတီတည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့် လျှောက်ထားတဲ့ နိုင်ငံရေးပါတီ ၆၄ ပါတီအထိရှိလာပြီး အဲဒီထဲက ၃၆ ပါတီကိုတော့ မှတ်ပုံတင်ခွင့် ချပေးထားတယ်လို့ စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.