ရေစကြို – စက်တင်ဘာ(၅)

မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသနဲ့ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ကို ကာကွယ်ဖို့ ဒေသကာကွယ်ရေးအဖွဲ့တွေပူးပေါင်းပြီး မဟာမိတ်အဖြစ်ဖွဲ့စည်းလိုက်တယ်လို့ Myingyan Black Tiger က သတင်းထုတ်ပြန်ထားပါတယ်။

မဟာမိတ်အဖြစ်ဖွဲ့စည်းလိုက်တဲ့ အဖွဲ့တွေကိုတော့ လုံခြုံရေးအချက်အလက်တွေကြောင့် ထုတ်ဖော်ပြသသွားမှာမဟုတ်ဘဲ သဘောတူညီချက် (၁၀) ချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။

“ဘုံသဘောတူညီချက်တွေအရ ပါဝင်တဲ့ အဖွဲ့အစည်းတွေကို ထုတ်မပြရ ဆိုတာမျိုးပါရှိနေတာကြောင့် ကျွန်တော်တို့အနေနဲ့ ပြသလို့မရပါဘူး။ MOD အောက်က တပ်ရင်း တပ်ဖွဲ့တွေ၊ ပ.အ.ဖ၊ ပ.က.ဖ၊ ပ.လ.ဖ တွေနဲ့လည်း ရှေ့ဆက်ဆောင်ရွက်သွားမှာပါ။” လို့ Myingyan Black Tiger အဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ပြည်သူတွေအနေနဲ့ စိတ်ဓာတ်ကျမှုတွေ၊ ဘယ်ကိုကြောက်ရမှန်းမသိတဲ့ စိုးရိမ်မှုတွေအပေါ် အားတင်းထားကြဖို့နဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ဖို့ လက်နက်ခဲယမ်းတွေရှိနေပြီဖြစ်တာကြောင့် ပူးပေါင်းပါဝင်ကြဖို့လည်း သူက တိုက်တွန်းထားပါတယ်။

လက်ရှိအချိန်မှာတော့ ရေစကြိုနဲ့ မြောင်ဒေသတွေဟာ ရေတက်ချိန်ဖြစ်ပြီး ရေကျချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုးလာနိုင်တဲ့အတွက် ကြိုတင်ကာကွယ်ဖို့ ဒေသခံတပ်တွေ ပူးပေါင်းပြီး မဟာမိတ်အင်အားစုကို ဖွဲ့စည်းခဲ့ကြတာလို့ သိရပါတယ်။

ဒေသခံပြည်သူတွေ ငြိုငြင်စေမယ့် မတရားမှုမှန်သမျှကို ဝိုင်းဝန်းတိုက်ထုတ်ဖို့၊မိမိ အခြေစိုက်ရာ ဒေသ/ကျေးရွာတွေကို စစ်ကောင်စီတပ်တွေ အနိုင်ကျင့်ရမ်းကားနေမှုတွေကို နောက်မဆုတ်တမ်း အစဉ်ညီညွတ်စွာ ဝိုင်းတိုက်ဖို့၊ဒေသခံကာကွယ်ရေးအဖွဲ့တွေ အချင်းချင်း အပြန်အလှန် အကူအညီ ပေးနိုင်ဖို့နဲ့ စစ်ကောင်စီ တပ်ကိုသာ ဘုံရန်သူအဖြစ် သဘောထားပြီး တော်လှန်ရေး အင်အားစုတွေကြား သဘောထားကွဲနေမှုတွေ၊ညီညွတ်မှုပျက်ပြားနေမှုတွေ၊ အနိုင်ကျင်မှုတွေကို ဝိုင်းဝန်းအဖြေရှာပြီး ပူးပေါင်းဖြေရှင်းဖို့ စတဲ့ အချက်(၄) ချက်ကို အခြေခံထားပြီး မဟာမိတ်တပ်ပေါင်းစု ပုံဖော်ဖို့ ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MBT

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.