ဖာပွန်၊ စက်တင်ဘာ(၅)

ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင် တပ်မဟာ(၅)ဒေသထဲမှာ စစ်ကောင်စီတပ်နဲ့ KNLA တပ်တို့အကြား တစ်လတာအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ဗိုလ်ကြီးအဆင့်ရှိသူတွေအပါအဝင် ထိခိုက်သေဆုံးသူများပြားခဲ့ပြီး စစ်အုပ်စုရဲ့ရုံးနဲ့ အခြားအဆောက်ဦး ၇ လုံးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ တပ်မဟာ (၅) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်တစ်လတာအတွင်း KNU ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေထဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်(BGF)တို့အကြား တိုက်ပွဲပေါင်း ၁၄၃ ကြိမ်ဖြစ် ပွားခဲ့ရာ စစ်ကောင်စီဘက်က ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦး အပါအဝင် ၈၈ ဦးသေဆုံးပြီး ၅၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် စစ်အုပ်စုရဲ့ ရုံးနဲ့အခြားအဆောက်အဦး ၇ လုံး၊ စစ်သုံးမော်တော်ယာဉ်တစ်စီးကို KNLA တပ် ဖွဲ့ဘက်က ဖျက်ဆီးနိုင်ခဲ့တဲ့အပြင် မြည်း ၂၅ ကို အသေပစ်တ်နိုင်ခဲ့ကာ ၂၅ ကောင်ကို အပြင်းအထန်ဒဏ်ရာရရှိအောင် ပစ်ခတ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဩဂုတ် ၁၁ ရက်နေ့ ညပိုင်းက ဖာပွန်မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ခရိုင်လဝကရုံး၊ ဥပဒေရုံး၊ စာရင်းစစ်ရုံး၊ အခွန်ရုံး၊ ထွေအုပ်ဝန်ထမ်းအိမ်ယာ၊ လဝကခရိုင်မှူးနေအိမ်တို့ ဗုံးခွဲဖျက်ဆီးခြင်းခံခဲ့ရပြီး ပေါက်ကွဲမှုကြောင့် အဆောက်အဦးတွေ ထိခိုက်ပျက်စီးသွားခဲ့ရတာ ဖြစ်ပါတယ်။

တစ်လအတွင်း နှစ်ဖက်အကြားဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဘက်က ( ၅ ဦးကျဆုံးပြီး ၂၆ ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ တပ်မဟာ(၅)ဘက်က ထုတ်ပြန်ပြောဆိုထားပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က ကျေးရွာနဲ့ လယ်ယာ၊ တောင်ယာလုပ်ငန်းခွင်တွေထဲကို လက်နက်ကြီးကျည်စုစုပေါင်း ၉၆ လုံး ပစ်ခတ်ခဲ့သလို ပြီးခဲ့တဲ့ ဩဂုတ် ၁၈ ရက်နေ့ကလည်း စစ်သုံးတိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြီး ၄ လုံးကို ဘောကျို့လယ်ကျေးရွာနဲ့ ပိုဂါကျေးရွာကြားမှာ ပစ်ချသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

KNU ဖာပွန်ခရိုင်အတွင်း စစ်ကောင်စီတပ်ရဲ့ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေခဲ့ရတဲ့ ဒေသခံရွာသူရွာသားတွေအတွက် အစားအစာ၊ ခိုလှုံရာနေရာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေရရှိဖို့အတွက် ပိုမိုခက်ခဲလာနေပြီး တိုက်ခိုက်မှုတွေကြောင့် ဒေသခံပြည်သူတွေ ထိတ်လန့်ကြောက်ရွံ့စွာ နေထိုင်နေရတယ်လို့ ကရင်လူအခွင့်အရေးအဖွဲ့ KHRG က ပြောဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.