နေပြည်တော်၊ စက်တင်ဘာ(၂)

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ဟာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးထားတဲ့ စာချုပ်ဖြစ်တာကြောင့် တရားဝင်ဖြစ်ပြီး ပျယ်ပြယ်ခြင်းမရှိဘူးလို့ အပစ်ရပ် ၅ ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။

ဩဂုတ် ၂၉ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ (NSPNC) နဲ့ အပစ်ရပ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၅ ဖွဲ့တို့ နေပြည်တော်မှာ ငြိမ်းချမ်ရေးဆွေးနွေးမှုအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

ဒေါ်စောမြရာဇာလင်းက NCA ဟာ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးအတွက် အနှစ်သာရရှိတဲ့ စာချုပ်ဖြစ်ကြောင်းနဲ့ စာချုပ်ကိုအခြေခံပြီး အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။

ဒါကြောင့် NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ NCA ကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ နိုင်ငံတော်တည်ဆောက်နိုင်တဲ့အထိ ငြိမ်းချမ်းရေးကို ဆွေးနွေးသွားကြရမယ်လို့ သူက ပြောပါတယ်။

“အဲဒီစာချုပ်ကို တရားမဝင်ဘူးမရှိတော့ဘူးလို့ ပြောဖို့အစား အဲဒီစာချုပ်ကို ပိုပြီးတော့ ခိုင်မြဲလာအောင်၊ အသက်ဝင်အောင် အားနည်းချက်တွေရှိရင် အားသာလာအောင် လုပ်ရမှာဖြစ်ပါတယ်။ ဘယ်အရာမဆို အားသာချက် အားနည်းချက်တွေ ရှိတတ်တယ်။ အားနည်းချက်တွေကတော့ ရှိတယ်ဆိုလို့ရှိရင် ဖာပြင်လို့ရတယ်၊ ပြုပြင်လို့ရတယ်။ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံစာအုပ်ကိုတောင်မှ ပြင်လို့ရသေးတာပဲ။ အဲဒီလို ပြင်ဖို့အတွက်ပဲ ကြိုးပမ်းရမှာလေ။ ဒါပေမယ့် အခုချိန်မှာ လွှတ်တော်မရှိဘူးဆိုပေမယ့် ဆွေးနွေးရေးလမ်းကြောင်းက ပျက်ပြားသွားလို့မရဘူး။ ဆွေးနွေးရေးလမ်းကြောင်းပေါ် ရအောင် အဓိကကြိုးပမ်းရမှာဖြစ်တယ်။ အဲဒီလိုကြိုးပမ်းတဲ့နေရာမှာ NCA ရဲ့ သဘောတရားတွေ အနှစ်သာရတွေကို လက်ကျန်ချန်ပြီးတော့မှ သွားဖို့လိုအပ်တယ်လို့ မြင်ပါတယ်”လို့ သူက ဆိုပါတယ်။

ဒီမိုကရေစီအစိုးရနှစ်ဆက် NCA စာချုပ်မှာ သဘောတူလက်မှတ် ရေးထိုးခဲ့ချိန်က အစိုးရကိုယ်စားလှယ်အဖြစ် သမ္မတနဲ့ ဒုတိယသမ္မတနှစ်ဦး၊ စစ်တပ်ဘက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒုတိယဦးစီးချုပ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဘက်က ကိုယ်စားလှယ်တွေနဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာအသိသက်သေတွေလည်း ပါဝင်ခဲ့ကြတာပါ။

ဒါပေမဲ့ NCA စာချုပ်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ကတော့ စာချုပ်ရဲ့ အခန်း(၁) အခြေခံမူကို စစ်ကောင်စီတပ်က နင်းခြေဖျက်ဆီးလိုက်တာကြောင့် တရားဝင်မှု မရှိတော့သလို လိုက်နာစရာ အကြောင်းမရှိဘူးလို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

လက်ရှိမှာတော့ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ဟာ စစ်တပ်အာဏာသိမ်းမှုကြောင့် NCA စာချုပ်ကို ကျောခိုင်းပြီး စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ရပ်တန့်ခဲ့တာပါ။

ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ဦးဖေသန်းက NCA မှာ ကျန်ခဲ့တဲ့အဖွဲ့တွေဟာ နိုင်ငံရေး၊စစ်ရေးအားဖြင့် NCA ကို ဖက်တွယ်တာကလွဲရင် နိုင်ငံရေးအရ ဘာမှရှေ့ဆက်သွားလို့မရတဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့အတွက် စစ်ကောင်စီကပြယုဂ်တစ်ခုအဖြစ် အသုံးချနေတာလို့ သုံးသပ်ပါတယ်။

“သူတို့ရဲ့ ပထဝီနိုင်ငံရေးအရဖြစ်စေ၊ အင်အားအရဖြစ်စေ သူတို့ဟာ NCA ကို ဖက်တွယ်တာကလွဲလို့ ဘာမှနိုင်ငံရေးအားဖြင့် ရှေ့ဆက်သွားလို့မရတဲ့ အဖွဲ့အစည်းတွေပဲ NCA ထဲမှာ ကျန်ခဲ့တာဖြစ်ပါတယ် ။ အဲဒီဟာကို စစ်ကောင်စီကလည်း ပြယုဂ်အဖြစ် အပြသဘောမျိုးနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ သူတို့နဲ့တသဘောတည်းရပ်တည်တယ်၊ NCA အတိုင်း ဆက်သွားနေပါတယ်ဆိုတဲ့ ပြယုဂ်တစ်ခုအဖြစ် အသုံးချနေတာပေါ့။ အပျော့ဆွဲပြီးတော့ အမြဲတမ်းအစည်းအဝေးခေါ်ပြီး ဒီလိုမျိုးသွားပါမယ်၊ ဒီလိုလုပ်ပါမယ်။ ဖက်ဒရယ်ပြည်ထောင်စုဘာညာတွေနဲ့ အက်ကြောင်းထပ်နေတဲ့ လမ်းကြောင်းပေါ် ပြောတာဆိုတာလည်း လက်တွေ့အားဖြင့် NCA အတိုင်း ဘာမှအကောင်အထည်မဖော်နိုင်ဘူး”လို့ သူက ဆိုပါတယ်။

အပစ်ရပ် ၅ ဖွဲ့ကတော့ ၃ရက်တာ ဆွေးနွေးပွဲအတွင်း စစ်ကောင်စီဘက်က တင်ပြလာတဲ့ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်လိုတဲ့ ပုဒ်မတွေ၊ ရွေးကောက်ပွဲကျင်းပနိုင်ရေး ကိစ္စတွေနဲ့ EAO ဒေ သတွေမှာ လူသားချင်း စာနာထောက်ထားမှုအကူအညီတွေ ပေးအပ်နိုင်ရေး ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် အပစ်ရပ် ၅ ဖွဲ့ဘက်ကလည်း လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေရရှိရေး နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းအကောင်အထည်ဖော်ရာမှာ အပစ်ရပ်ထိုး EAO ကိုယ်စားလှယ်တွေ ပါဝင်ရေး၊ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရာမှာ EAO တွေ လက်တွေ့ကျကျ ပါဝင်နိုင်ရေးကိုလည်း တင်ပြခဲ့တာပါ။

စစ်ကောင်စီနဲ့ ဆွေးနွေးပြီးနောက် ညှိနှိုင်းရရှိတဲ့ အခြေခံသဘောတူညီချက် ၄ ချက်နဲ့ ရှေ့ဆက်ဆောင် ရွက်ရမယ့် ဘုံသဘောတူညီချက်မှတ်တမ်း ၅ ချက်ကို နှစ်ဖက်ခေါင်းဆောင်တွေက အတည်ပြုလက် မှတ်ရေးထိုးနိုင်ခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးတဲ့ အပစ်ရပ် ၅ ဖွဲ့မှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA PC) ၊ လားဟူဒီ မိုကရက်တစ်အစည်းအရုံး (LDU)နဲ့ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့ ပါဝင်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.