“ဒီ(NCA)စာချုပ်ကို ပျက်ပြယ်တယ်လို့ ပြောလို့မရဘူး။ အစိုးရ၊ လွှတ်တော်၊ တပ်မတော်အားလုံးက ဒီစာချုပ် တရားမဝင်တော့ပါလို့ ကြေညာပြီးမှပဲ ဒီစာချုပ်က ပျက်ပြယ်ရာရောက်ပါတယ်”

အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့နဲ့ စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ (NSPNC)တို့ဟာ သြဂုတ် ၂၉ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ နေပြည်တော်မှာ ငြိမ်းချမ်ရေး ဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးမှုကနေညှိနှိုင်းရရှိတဲ့ အခြေခံသဘောတူညီချက် ၄ ချက်နဲ့ ရှေ့ဆက် ဆောင်ရွက် ရမယ့် ဘုံသဘောတူညီချက်မှတ်တမ်း ၅ ချက်ကို နှစ်ဖက်ခေါင်းဆောင်တွေက အတည်ပြု လက်မှတ်ရေးထိုးနိုင်ခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် စစ်ကောင်စီနဲ့ အပစ်ရပ် ၅ ဖွဲ့ တွေ့ဆုံဆွေးနွေးမှုအခြေအနေ၊ ဘယ်အချက်တွေကို သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့သလဲ။ NCA စာချုပ်အပေါ် ဆက်လက်စွဲကိုင်ရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အပစ်ရပ် ၅ ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါ်စောမြရာဇာလင်းနဲ့ ဆက်သွယ်မေးမြန်းချက်။

၁။ အရင်ဆုံးအပစ်ရပ် ၅ ဖွဲ့နဲ့ စစ်ကောင်စီ ငြိမ်းချမ်းရေးအဖွဲ့တို့ကြား ဘာတွေဆွေးနွေးဖြစ်ခဲ့လဲ။ ဒီအပေါ်မှာ ပြောပြပေးပါဦး။

နှစ်ပေါင်း၇၀တိုက်ပွဲဖြစ်ခဲ့တဲ့ တိုက်ပွဲကို ငြိမ်းဖို့အတွက်ဆိုရင် NCAစာချုပ်ကိုရအောင် ချုပ်ဆိုခဲ့ကြတယ်။ အဲဒီ နောက်ပိုင်းမှာ ပိုပြီးပြဿနာက ကြီးမားတဲ့ပြဿနာပြန်ဖြစ်လာတယ်။ အဲဒါတိုင်းပြည်အတွက်လည်း ဝမ်းနည်းစရာကောင်းတယ်။ တိုင်းပြည်မအေးချမ်းဘူးဆိုရင် စီးပွားရေးအခက်အခဲတွေဖြစ်လာတယ်။ အားလုံးပြည်ပ ရောက်သွားကြတယ်။ ဒါတိုင်းပြည်အတွက် အနုတ်လက္ခဏာပဲ။ အဲဒါမဖြစ်သင့်ပါဘူး။ ကျွန်မတို့ ကြိုးပမ်းနေခြင်းသည် အားလုံးငြိမ်းချမ်းဖို့လိုတယ်။ ငြိမ်းချမ်းမှပဲ တိုင်းပြည်ကတိုးတက်မှာ။ ပြည်ပကိုရောက်နေတဲ့ အရင်းအမြစ်တွေ ပြန်ဝင်လာဖို့အတွက်ကို ကြိုးပမ်းရမှာပဲဖြစ်တယ်။

ဒါတွေကိုပဲ အဓိကထားပြီး စဉ်းစားကြမယ်ဆိုရင်လည်း မမှားပါဘူး။ တခြားသောအကြောင်းတွေလည်း ဆွေးနွေးခဲ့တာတွေ ရှိတယ်။ ဒါကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီးသားဖြစ်တယ်။ လက်မှတ်ရေးထိုးထားတဲ့ အချက်တွေကိုတော့ ထုတ်ပြန်လို့မရသေးဘူး။

 ၂။ နှစ်ဖက်ဆွေးနွေးကနေ အခြေခံသဘောတူညီချက် ၄ ချက်နဲ့ ရှေ့ဆက်ဆောင်ရွက်ရမယ့် ဘုံသဘောတူညီချက် မှတ်တမ်း ၅ ချက်ကို အတည်ပြုလက်မှတ်ထိုးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ ဘယ်အချက်တွေကို ဘဘောတူနိုင်ခဲ့တာလဲ။

ဒီစာချုပ်က ၁၉၄၇နောက်ပိုင်းမှာ ပထမအကြိမ်ပေါ်ပေါက်လာတဲ့ စာချုပ်ဖြစ်တာပေါ့။ အဲဒီလိုစာချုပ်တစ်ခုက အသုံးမဝင်တော့ဘူး ပျက်ပြယ်သွားပြီဆိုတာ ပြောလို့မရဘူး။ ဘာလို့ဆို နိုင်ငံတော်အကြီးအကဲများ၊ လွှတ်တော်က ခေါင်းဆောင်တွေပါတယ်။ တပ်မတော်က ခေါင်းဆောင်တွေအပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၈ဖွဲ့က ၂၄ယောက်သော ထိပ်သီးခေါင်းဆောင်များက လက်မှတ်ရေးထိုးခဲ့တဲ့ စာချုပ်ဖြစ်တယ်။

နိုင်ငံတကာအသိသက်သေတွေ၊ ပြည်တွင်းအသိသက်သေတွေ လက်မှတ်ရေးထိုးခဲ့ကြတဲ့ NCAစာချုပ်ဖြစ်တာပေါ့။ အဲဒီစာချုပ်ကို တရားမဝင်ဘူး မရှိတော့ဘူးလို့ ပြောမယ့်အစား ပိုပြီးခိုင်မြဲလာအောင် အားနည်းချက်ရှိရင် အားသာလာအောင်ပဲ လုပ်ရမှာဖြစ်ပါတယ်။ ဘယ်အရာမဆို အားနည်းချက်တွေ ရှိတတ်တယ်။ အားနည်း ချက်တွေဆိုတာကတော့ ရှိတယ်ဆိုရင် ပြင်လို့ရတယ်။ ပြုပြင်လို့ရတယ်။ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံကိုတောင် ပြင်လို့ရသေးတာပဲ။ ပြင်ဖို့အတွက်ပဲ ကြိုးပမ်းရမှာဖြစ်တယ်။ ဒါပေမယ့် အခုချိန်မှာ လွှတ်တော်မရှိဘူး ဆိုပေမယ့် အခုချိန်မှာ လမ်းကြောင်းက ပျက်ပြားသွားလို့ မရဘူး။ ဆွေးနွေးရေးလမ်းကြောင်းက ပျက်ပြားသွား လို့မရဘူး.ဆွေးနွေးရေးလမ်းကြောင်းကို ရောက်အောင် ကြိုးပမ်းသွားရမှာဖြစ်တယ်။ NCAရဲ့ အနှစ်သာရတွေကို လက်ကိုင်ထားပြီးမှ သွားဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။

၃။ အခုဆိုရင် NCA စာချုပ်ကို စစ်တပ်ဖျက်ဆီးလို့ တရားမဝင်တော့ဘူးလို့ ဝါရင့်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက ပြောဆိုတောတွေ ရှိတာပေါ့၊ လက်ရှိ NCA စာချုပ်ရဲ့ တရားဝင်မှုက ဘယ်အခန်းကဏ္ဍမှာ ရှိနေလဲ။

ဒီစာချုပ်ကို ပျက်ပြယ်တယ်လို့ ပြောလို့မရဘူး။ အစိုးရ၊ လွှတ်တော်၊ တပ်မတော်အားလုံးက ဒီစာချုပ်တရားမ ဝင်တော့ပါလို့ ကြေညာပြီးမှပဲ ဒီစာချုပ်က ပျက်ပြယ်ရာရောက်ပါတယ်။ အခုနိုင်ငံရေးအခြေအနေအရ တစ်ဦးနဲ့ တစ်ဦး အမြင်မတူတာ၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့အမြင်မတူတာတွေတော့ ရှိတတ်ပါတယ်။

၄။ နောက်ဆုံးအနေနဲ့ အပစ်ရပ် ၅ ဖွဲ့က အားလုံးပါဝင်နိုင်တယ်လို့ နိုင်ငံရေးအခင်းအကျင်းတစ်ရပ် ပေါ်ပေါက်လာဖို့ ကြိုးပမ်းနေတယ်ဆိုတော့ ဘယ်လောက် အတိုင်အတာအထိ အောင်မြင်မှုရနေပြီလဲ။ ဒီအပေါ်မှာ ဆွေးနွေးပေးပါဦး။

နိုင်ငံတော်ရဲ့ အနေအထားက မငြိမ်းချမ်းနိုင်တဲ့ အနေအထားမှာပဲ ရှိတယ်။ တိုင်းရင်းသားလက်နက်ကိုင် ငါးဖွဲ့ က အားလုံးသော တိုင်းရင်းသားတွေ အလုံးစုံပါဝင်လာရေးနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်လာရေးကိုတော့ ကြိုးပမ်းပြီးတော့မှ ဆွေးနွေးနိုင်တဲ့ အနေအထားတစ်ခုကိုတော့ ရောက်ရမယ်လို့ ခံယူပြီးတော့မှပဲ ရှေ့ဆက်ကြိုးစားသွားရမှာဖြစ်တယ်။ တိုင်းရင်းသားအားလုံးဆိုရင်လည်း နယ်စပ်အသီးသီးမှာ အခြေစိုက်ပြီး လုပ်နေကြတာ။ အဲဒါကြောင့် နယ်စပ်ဒေသအသီးသီးမှာ အခြေစိုက်ပြီး လုပ်နေကြတဲ့ EAOတွေအတွင်း မှာ စုစည်းနိုင်ဖို့ အရေးကြီးတယ်။ အားလုံးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်အောင် ကြိုးစားသွားရမှာဖြစ်ပါတယ်။ အားလုံးက လွယ်လွယ်ကူကူ ဖြစ်လာမှာ မဟုတ်ပါဘူး။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.