ချောင်းဆုံ၊ စက်တင်ဘာ(၂)

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် မုဒွန်းကျေးရွာမှာ ကျင်းပခဲ့တဲ့ ၇၆ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့မှာ မွန်အာဇာနည်ခေါင်းဆောင်တွေကို စစ်ကောင်စီဘက်က အလေးပြုခွင့်ပိတ်ပင်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သြဂုတ် ၃၁ ရက်နေ့က ကျရောက်တဲ့ ၇၆ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့မှာ မုဒွန်းကျေးရွာရှိ မွန်တော်လှန်ရေးခေါင်းဆောင်တွေရဲ့ အုတ်ဂူနေရာသို့ မွန်ပြည်သူတွေက လွမ်းသူပန်းခွေချတာ၊ ဦးညွှတ်အလေးပြုလာစဉ် အလေးပြုခွင့် ပိတ်ပင်ခံခဲ့ရတာပါ။

အဲဒီနေ့ မနက်ပိုင်းက မွန်တော်လှန်ရေးနေ့ အခမ်းအနားပြုလုပ်နေစဉ် စစ်ကောင်စီတပ်၊ ရဲနဲ့ပြည်သူ့စစ်အဖွဲ့တွေ အင်အားအလုံးအရင်းနဲ့ ရောက်ရှိလာပြီးနောက် မွန်အာဇာနည်ခေါင်းဆောင်တွေကို အလေးမပြုဖို့နဲ့ ထိုင်ကန်တော့တာပဲ လုပ်ဆောင်ဖို့ ပြောဆိုခဲ့ပါတယ်။

အဲဒီနောက် စစ်ကောင်စီအဖွဲ့တွေဟာ မွန်တော်လှန်ရေးနေ့ အခမ်းအနား လာရောက်သူတွေကို စောင့်ကြည့်ခဲ့ပြီး မွန်ပြည်သူတစ်ဦးက အလေးပြုတာလုပ်တယ်ဆိုပြီး ဖမ်းဆီးခဲ့တယ်လို့ ဖြစ်စဉ်အတွင်းရှိနေသူတစ်ဦးက ပြောပြပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ မွန်ပြည်သူကို အခမ်းအနားကျင်းပရေးကော်မတီ တာဝန်ရှိသူတွေရဲ့ ညှိနှိုင်းပေးမှုအရ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီဖြစ်စဉ်အပေါ် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦးကလည်း “ဦးမညွှတ်ရ အလေးမပြုနဲ့ အဖမ်းခံထိမယ်”လို့ လူမှုကွန်ယက်ဖော့ဘုတ်စ် စာမျက်နှာရေးသားဖော်ပြခဲ့ပါတယ်။

စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ တိုင်းရင်းသားအခွင့်အရေးတွေကို ကန့်သတ်ချုပ်ချယ်တာဖြစ်ပြီး စစ်ကောင်စီလက်ထက် ဘာမှမျှော်လင့်လို့မရဘူးဆိုတာ သက်သေထပ်ပြလိုက်တာဖြစ်တယ်လို့ မွန်လူငယ်တစ်ဦးက ဝေဖန်ပါတယ်။

မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှာလည်း မွန်တော်လှန်ရေးနေ့ အခမ်းအနားကျင်းပဖို့ စစ်ကောင်စီထံ ခွင့်ပြုချက်လျှောက်တင်ခဲ့ပေမယ့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ခွင့်မပြုပေးနိုင်ကြောင်း အကြောင်းပြန်ခဲ့တဲ့အတွက် အခမ်းအနား မကျင်းပခဲ့ရပါဘူး။

၇၆ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနားကိုတော့ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေတွေအပါအဝင် သံဖြူဇရပ်၊ မုဒုံနဲ့ရေးမြို့နယ်အပါအဝင် မွန်လူမျိုးတွေ နေထိုင်ရာနေရာဒေသတချို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.