မော်လမြိုင် – စက်တင်ဘာ(၂)

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းထားတဲ့ (၂)နှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်ကို စွန့်ခွာပြီး အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပူးပေါင်းထားတဲ့ ရဲနဲ့စစ်သား (၁၅၀၀၀) အထိရှိလာပြီဖြစ်တယ်လို့ NUG ကပြောပါတယ်။

CDM ဝင်ထားသူတွေထဲမှာ ကုဒ်ထုတ်ပြီးတဲ့သူတွေရှိသလို CDM ကုဒ် ထုတ်ပေးဖို့ စီစစ်နေသူတွေအပါအဝင် ထပ်မံပြုလုပ်ဖို့ ဆက်သွယ်နေသူတွေလည်း ပါဝင်တယ်လို့ ဆိုထားတာပါ။

တော်လှန်ရေးအားကောင်းတဲ့နယ်မြေတွေအပြင်စစ်ကောင်စီနဲ့တိုက်ပွဲဖြစ်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေမှာ ပြန်လည်တာဝန်ထမ်းဆောင်နေတဲ့ CDM စစ်သားနဲ့ ရဲ (၅၀၀) လောက် အထိ ရှိနေတယ်လို့ သိရပါတယ်။

လက်တလောမှာတော့ အာဏာသိမ်းကာလကြာမြင့်လာတာနဲ့အတူ စစ်ကောင်စီတပ်ရဲ့ ထိခိုက်သေဆုံးမှုတွေကြောင့် တပ်ပြေးတွေများလာနေပြီး အဲဒီအရေအတွက်ဟာ CDM ဝင်လာတဲ့ အရေအတွက်ထက်ပိုများနိုင်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ ဦးမောင်မောင်ဆွေက ပြောပါတယ်။

“တကယ်လို့ မလူးသာမလွန့်သာ လို့ တပ်ကပြန်မိသွားတယ်ဆိုရင်တောင် အခုအချိန်မှာ တပ်ကအင်အားပြုန်းတီးမှုအရမ်းများနေ တဲ့အတွက် သူတို့ကိုအရင်လို အရေးယူအပြစ်ပေးတာတွေ ဘာမှ မလုပ်ပဲနဲ့ အုန်းပွဲ၊ငှက်ပျောပွဲနဲ့ ပြန်ပင့်ပြီးတော့ တာဝန်ထမ်းခိုင်းနေရတဲ့အထိကို အင်အားယုတ်လျော့သွားပြီးလို့” ဦးမောင်မောင်ဆွေက ပြောပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရဟာ CDM တွေကို လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလကနေ စတင်လက်ခံနေတာဖြစ်ပြီး လစဉ် ထိုင်းဘတ်ငွေ(၁၀၀၀) အပြင် မိသားစုဝင်တွေပါလာသူ တွေရဲ့ အရည်အတွက်အတိုင်းကိုလည်း ထပ်မံပေးဆောင်နေတယ်လို့ သူက ပြောပါသေးတယ်။

NUG က CDM တွေကို ထောက်ပံ့ကြေးအပြင် ကျန်းမာရေး၊ ကလေးငယ်တွေအတွက် ပညာရေးအထောက်အပံ့နဲ့ လွတ်မြောက်နယ်မြေတွေမှာ နေထိုင်နိုင်ဖို့ လုပ်ဆောင်ပေးနေတာတွေလည်း ရှိနေပါတယ်။

နွေဦးတော်လှန်ရေးမှာ စစ်ကောင်စီတပ်ကို လက်နက်ကိုင်ပြီး ပြန်လည်တိုက်ပွဲဝင်နေတဲ့ CDM တပ်သားတွေကိုလည်း NUG ကဂုဏ်ပြုပွဲကျင်းပပေးဖို့ ရှိနေတယ်လို့ တာဝန်ရှိသူတွေက ပြောထားပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်မျက်နှာဖွင့်ထားရတဲ့ စစ်ကောင်စီတပ်အတွင်းမှာ အမိန့်ပေးစနစ် ပျက်ယွင်းလာတာအပြင်တပ်သားတွေကို ဖိနှိပ်မှုတွေပိုမိုလုပ်ဆောင်လာတဲ့အတွက် CDM ဝင်ရောက်လာသူတွေ ပိုများလာနိုင်တယ်လို့ တပ်တွင်းစောင့်ကြည့်လေ့လာသူတွေက မှတ်ချက်ပြုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU(စစ်ကောင်စီတပ်သားတစ်ဦးလက်နက်နဲ့ အလင်းဝင်လာစဉ်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.