တနင်္သာရီ၊ စက်တင်ဘာ(၂)

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ဘန်ကျုတ်ကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သြဂုတ် ၃၁ ရက်နေ့ နေ့လည် ၂ နာရီအချိန်လောက်မှာ ညောင်ပင်ကွင်းအခြေစိုက် ခမရ ၅၆၁ တပ်ရင်းကနေထွက်လာတဲ့ အင်အား ၇၀ ကျော်ပါတဲ့ စစ်ကြောင်းကို ဒေသကာကွယ်ရေးအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ရာကနေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

အချိန်တစ်နာရီကျော်ကြာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၅ ဦးသေဆုံးပြီး ကာကွယ်ရေးတပ်ဘက်က PDF ရဲဘော် ၁ ဦးကျဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ညောင်ပင်ကွင်းအခြေစိုက် ခမရ ၅၆၁ တပ်ရင်းနဲ့ သိန္နောကျေးရွာရှိ စစ်ကောင်စီတပ်ကနေ လက်နက်ကြီးတွေ အဆက်မပြတ်ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ စက်တင်ဘာ ၁ ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားတာ မရှိသေးပေမယ့် နှစ်ဖက်စစ်ရေး အခြေအနေ ဆက်လက်တင်းမာနေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီမြို့နယ်မှာတော့ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်တို့ကြား မကြာခဏဆိုသလို နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Dawei PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.