ညောင်လေးပင်၊ စက်တင်ဘာ(၁)

ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေထဲ အခုလအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးအပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှု စိုးရိမ်ဖွယ် ဖြစ်လာတယ်လို့ KNU နဲ့ကရင်အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ညောင်လေးပင်ခရိုင် ရွှေကျင်မြို့နယ်၊ မုန်းမြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်တွေက ကျေးရွာတွေနဲ့ လယ်ယာလုပ်ငန်းခွင်တွေထဲကို စစ်ကောင်စီတပ်ကနေ လက်နက် ကြီးပစ်ခတ်တာ၊ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို နေ့စဉ်လိုလို ပြုလုပ်ခဲ့တာပါ။

သံလွင်တိုင်းမ်က လက်လှမ်းမီသလောက် ပြန်လည်ပြုစုထားတဲ့ အချက်အလက်တွေအရ ဩဂုတ် ၁၈ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ ၂ ပတ်အတွင်း ကလေးနဲ့အမျိုးသမီးတွေအပါအဝင် အရပ်သားပြည်သူ ၅ ဦးထက်မနည်းသေဆုံးခဲ့ရပြီး အမျိုးသမီးတွေနဲ့ ကလေးအပါအဝင် အရပ်သား ၂၀ ကျော် ထိ ခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုကြောင့် ခရစ်ယာန် ဘုရားကျောင်းအပါအဝင် နေအိမ်အဆောက်အဦးပေါင်း ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ပြီး လူဦးရေထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတာပါ။

ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG အဆိုအရ အရပ်သားပြည်သူထိခိုက်သေဆုံးမှုဟာ KNU ညောင်လေးပင်ခရိုင်ထဲမှာ အဆိုးဝါးဆုံး ဖြစ်ပေါ်နေတဲ့အတွက် နိုင်ငံတကာအနေနဲ့ စစ်ကောင်စီတပ် နည်းလမ်းမျိူးစုံသုံးပြီး ပိတ်ဆို့အရေးယူပေးဖို့ တောင်းဆိုထားပါတယ်။

အရပ်သားပြည်သူတွေအပေါ် ဦးတည်ပစ်မှတ်ထားတဲ့ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုနဲ့ ဖမ်းဆီးမှုတွေကြောင့် ဒေသခံတွေဟာ ထိတ်လန့်ကြောက်ရွံ့မှုနဲ့ မလုံမခြုံမှုတွေ ဖြစ်ပေါ်စေခဲ့တာပါ။

တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရကာ အရေးပေါ်လူသားချင်စာနာမှုအကူအညီလည်း လိုအပ်လျက်ရှိနေတယ်လို့ ကရင်လူမှုအဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် KNU ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်အတွင်းရှိ အရပ်သားပြည်သူ ၅ ဦးကိုလည်း စစ်ကောင်စီတပ်က အကြောင်းမဲ့ဖမ်းဆီးခဲ့ပြီး ခမရ(၅၉၉)တပ်ရင်းကို ပို့ဆောင်ထားခဲ့သလို ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း အရပ်သားပြည်သူ ၂၀ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ကာ ၁၈ ဦးကို ထောင် ၆ လစီ ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU/KHRG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.