ရေးချောင်းဖျား၊ စက်တင်ဘာ(၁)

လက်နက်ကိုင်တော်လှန်နည်းနဲ့ အာဏာရှင်မဟာလူမျိုးကြီးဝါဒကို တိုက်ဖျက်ပြီး အမျိုးသားလွတ်မြောက်ရေးရရှိတဲ့အထိ ဆက်ကြိုးပမ်းသွားမယ်လို့ ၇၆ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့အပေါ် မွန်ပြည်သစ်ပါတီဗဟိုက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ဝါရင့်မွန်တိုင်းရင်သားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ရဲ့ သဘောထားထုတ်ပြန်ချက်မှာတော့ မိမိတို့ပါတီဟာ အမျိုးသားတိုးတက်ရေးဖြစ်တဲ့ မွန်လူမျိုးတွေရဲ့အင်အားကို ပဓာနပြုပြီး လွတ်လွတ်လပ်လပ် ရပ်တည်လှုပ်ရှားဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

အမျိုးသားရေးအကျိုးနဲ့ ဖက်ဒရယ်ပြည်ထောင်စုစစ်စစ် တည်ဆောက်ရေးဟာ ပြည့်စုံတဲ့ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ရင် ဘယ်လိုအင်အားစု အဖွဲ့အစည်းမျိုးမဆို ပါတီအနေနဲ့ ဆက်စပ်ဆက်ဆံသွားမယ်လို့ မွန်ပြည်သစ်က ထုတ်ပြောလာတာပါ။

ဒါ့အပြင် လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအချိုးအကွေ့အတွင်း မိမိတို့ပါတီအနေနဲ့ ပါတီ၊ တပ်၊ ဒေသအခြေပြုခိုင်မာရေးကို အဓိကထားကာ အရပ်သားပြည်သူတွေကို ကာကွယ်စောင့်ရှောက်ရင်း အမျိုးသားစည်းလုံးရေး တည်ဆောက်ပြီး အမျိုးသားတိုးတက်ရေးအတွက် အမျိုးမျိုးဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

အဲဒီထုတ်ပြန်ချက်အပေါ် မွန်ပြည်ကာကွယ်ရေးတပ် (MSDF) စစ်ရေး၊ နိုင်ငံရေး ဦးဆောင်ကော်မတီ ဥက္ကဌ ဒေါက်တာသီရိမွန်ချမ်းက မွန်ပြည်သစ်ပါတီအနေနဲ့ အနာဂတ်မှာ စစ်ကောင်စီနဲ့ လက်နက်ကိုင်ပဋိပက္ခဖြစ်ဖို့ သေနတ်ဖောက်လာမယ့်ကိစ္စ မဖြစ်နိုင်သေးဘူးလို့ သုံးသပ်ပါတယ်။

“လက်နက်ကိုင်တော်လှန်ရေးနဲ့လည်း ဆက်လက်ပြီး လုပ်ဆောင်သွားမယ်လို့ ပြောထားတယ်။ တစ်ဖက်မှာလည်း နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဆွေးနွေးဖို့လည်း ပြောထားတဲ့အတွက်ကြောင့် အခုချိန်မှာ မြွေမသေ၊ တုတ်မကျိုး ပိုနေမြဲကျားနေမြဲဆိုတဲ့ သဘောထားမှာပဲ ရှိသေးတာပါ။ ဒါကြောင့် ကျွန်တော့်တို့အမြင်မှာ လာမယ့်အနာဂတ်မှာ အဲဒီလိုမျိုးစကစနဲ့ လက်နက်ကိုင်ပဋိပက္ခဖြစ်ဖို့ကိစ္စတို့၊ သေနတ်ဖောက်လာမယ့် ကိစ္စတို့ကျတော့ မဖြစ်နိုင်သေးဘူးလို့ ကျွန်တော်မြင်တယ်”လို့ သူက ဆိုပါတယ်။

မွန်ပြည်သစ်ပါတီကတော့ လောလောဆယ်မှာ ပြည်တွင်းစစ်ဟာ အရှိန်ကောင်းနေသလို အမျိုးမျိုးသော အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် လက်ရှိနိုင်ငံရေးဆွေးနွေးမှုဟာ နိုင်ငံရဲ့ပြဿနာကို မဖြေရှင်းနိုင်တဲ့အပြင် တိုင်းပြည်ငြိမ်းချမ်းလာဖို့ အရိပ်အယောင်နည်းတယ်လို့ ဆိုပါတယ်။

အခုလိုဖြစ်ပွားနေတဲ့ အခြေအနေပေါ်မှာ ဆောင်ရွက်သွားရမယ့် မွန်ပြည်တည်ထောင်ရေး လုပ်ငန်းစဉ်ဖြစ်တဲ့ ပြည်ထောင်စုစစ်စစ် တည်ဆောက်နိုင်ဖို့ဟာ ပါတီအနေနဲ့ အမျိုးသားညီညွတ်ရေး အားယူရင်း တိုင်းရင်းသားတွေရဲ့ စုပေါင်းအားကို ပဓာနပြုကာ အခိုင်အမာပြင်ဆင်သွားရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တစ်ဖက်မှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ အဓိပ္ပာယ်ပြည့်ဝစွာ ဖြေရှင်းနိုင်ဖို့ လူမျိုးစုတိုင်းရင်းသားတွေနဲ့အတူတူ အတူတကွ လုပ်ဆောင်သွားမယ်လို့လည်း မွန်ပြည်သစ်ပါတီက အသိပေးပြန်ပါတယ်။

ဒေါက်တာ သီရီမွန်ချမ်းကတော့ လက်ရှိအချိန်ဟာ ပြတ်သားဖို့လိုနေပြီး စစ်အာဏာရှင်စနစ်အမျိုးမျိုးကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းလို့ မရတော့ဘူးလို့ ထောက်ပြပါတယ်။

“ကျွန်တော်တို့အမြင်မှာကျတော့ ဒီအချိန်မှာ ပြတ်သားဖို့ လိုတယ်။ စကစပဲဖြစ်ဖြစ်၊ စစ်အာဏာ ရှင်စနစ်အမျိုးမျိုးကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းလို့ မရတော့ဘူးလို့ ကျွန်တော်တို့ တထစ်ချယုံကြည်တယ်။ ဘာဖြစ်လို့လဲဆို စစ်အစိုးရတွေက ၁၉၆၂ ဗိုလ်ချုပ် နေဝင်းအာဏာသိမ်းတယ်၊နောက်ပြီး ၁၉၈၈ ပြည်သူလှုပ်ရှားမှု တိုက်ပွဲမှာရော အဓိကအခန်းကဏ္ဍမှာ အခက်အခဲပေးနေတာ ဒီစစ်တပ်ပါပဲ”လို့ သူက ဆိုပါတယ်။

မွန်ပြည်သစ်ပါတီကတော့ မွန်အမျိုးသားလွတ်မြောက်ရေးဟာ ပန်းတိုင်မရောက်သေးဘဲ မိမိလူမျိုးရဲ့ တော်လှန်ရေးတာဝန် ဆက်ရှိနေတာကြောင့် တစ်မျိုးသားလုံး စိတ်ဓာတ်ခိုင်ခိုင် ဝိရိယမြဲမြဲနဲ့ ညီညွတ်ရေးရှိရှိ တိုင်းရင်းသားမဟာမိတ်တွေ နိုင်ငံတွင်းနဲ့ နိုင်ငံတကာ ဒီမိုကရေစီအစုအဖွဲ့တွေနဲ့ ဆက်လုပ်တိုက်ပွဲဝင်သွားကြဖို့ မွန်တော်လှန်ရေးနေ့မှာ တိုက်တွန်းထားပါတယ်။

၇၆ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ကို မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်တွေအပါအဝင် လူမျိုးတွေ နေထိုင်ရာ နေရာဒေသတချို့မှာ “တော်လှန်ရေးအင်အားကြီးမှ အမျိုးသားအခွင့်အရေးပေါ်ပေါက်မယ်”ဆိုတဲ့ ဆောင်ပုဒ်နဲ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-NMSP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.