ထားဝယ်၊ စက်တင်ဘာ(၁)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ အရှေ့တောဒေသဘက်ကို စစ်ကောင်စီကနေ ဆန်သယ်ဆောင်ခွင့် ပိုမိုတင်းကျပ်လာတာကြောင့် ဆန်ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေ အားကောင်းလာတဲ့ ထားဝယ်အရှေ့တောဒေသကို စစ်ကောင်စီက အခုနှစ်ဆန်းပိုင်းကစပြီး ဆန်အပါအဝင် ဆေးဝါးသယ်ယူခွင့် ကန့်သတ်ထားရာကနေ အခုအခါမှာတော့ ဆန်သယ်ယူခွင့်ကို ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ ထားဝယ်အရှေ့တောဒေသကို ဝင်ရောက်နိုင်တဲ့ လမ်းကြောင်းတွေဖြစ်တဲ့ ဗျောတောဝ၊ ၈ မိုင်၊ ပကာရီနဲ့ ကျောက်မဲတောင်ရှိ စစ်ဆေးရေးဂိတ်တွေမှာ အထိုင်ချပြီး စစ်ဆေးနေသလို ဆန်သယ်ဆောင်လာပါက သိမ်းဆည်းတာတွေ လုပ်ဆောင်နေတာပါ။

ဆန်သယ်ဆောင်ခွင့် ကန့်သတ်ခံရတာကြောင့် ထားဝယ်အရှေ့တောဒေသမှာ ဆန်ကြမ်းအုပ်စုဝင် ဧည့်မထဆန်ကြမ်းတစ်အိတ်ကို ကျပ်ခုနှစ်သောင်းကနေ ကျပ်တစ်သိန်းကျော်အထိ ဈေးနှုန်းအဆမတန် မြင့်တက်လာတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

ဒါ့အပြင် ဒေသခံတွေဟာ ဆန်ဈေးနှုန်းမြင့်တက်လာမှုနဲ့အတူ ဆန်ဝယ်ယူဖို့ပင် ခက်ခဲလာတဲ့အတွက် ရေရှည်မှာ ဆန်ရှားပါးမှုပြဿနာကို အကြီးအကျယ် ရင်ဆိုင်ရဖို့ ရှိနေတာပါ။

ဒေသတွင်းသုတေသနအဖွဲ့အစည်းတွေကလည်း တနင်္သာရီတိုင်းဒေသကြီးထဲမှာ စစ်ကောင်စီတပ်ရဲ့ ဆန်အပါအဝင် ဆေးဝါးသယ်ယူခွင့် ကန့်သတ်မှုကြောင့် ဒေသခံပြည်သူတွေ ကုန်ဈေးနှုန်းကြီးမြင့်နဲ့အတူ စားဝတ်နေရေး ပိုမိုကျပ်တည်းလာတယ်နိုင်လို့ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေကြောင့် စစ်ရှောင်ပြည်သူ ၄၀၀၀၀ နီးပါးကလည်း ဆန်၊ စားနပ် ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ အရေးပေါ်လိုအပ်လျက်ရှိတယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.