ညောင်လေးပင်၊ သြဂုတ်(၃၁)

ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်ထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတစ်ဦးအပါအဝင် အရပ်သား ၂ ဦး သေဆုံးသွားခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၉ ရက်နေ့က တိုက်ပွဲမရှိဘဲ KNU ရွှေကျင်မြို့နယ် ပျဉ်ရေကြီးကျေးရွာထဲကို စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ(၂၆၄)တပ်ရင်းကနေ လက်နက်ကြီး ၃ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် အသက် ၇ နှစ်အရွယ် ကလေးတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ လက်နက်ကြီး ကျည်ထိမှန်သေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦးအပါအဝင် အ ရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ရေတွင်းကုန်နဲ့ ပျဉ်ရေကြီးကျေးရွာရှိ ဒေသခံပြည် သူပိုင်နေအိမ် ၃ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲဒီနေ့မှာလည်း KNU မုန်းမြို့နယ်၊ လက်တက်ကြီးကျေးရွာထဲကို စစ်ကောင်စီ ခမရ(၄၃၉)တပ်ရင်းရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျေးရွာသားတစ်ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရရှိသွားခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

KNU ညောင်လေးပင်ခရိုင်ထဲမှာ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားတဲ့ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် ဒေသခံအရပ်သားပြည်သူတွေအတွက် ထိတ်လန့်ကြောက်ရွံမှုနဲ့ ဘေးကင်းလုံခြုံမှု ကင်းမဲ့တာတွေဖြစ်ပေါ်စေသလို စားဝတ်နေရေးနဲ့ လုံလောက်တဲ့ ဆေးဝါးကုသမှုတွေ ရရှိရေးအပါအဝင် စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေကြရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ထုတ်ပြန်ထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.