မော်လမြိုင်၊ သြဂုတ်(၃၁)

နိုင်ငံအာဏာအရပ်ရပ်ကို လက်နက်အားကိုးနဲ့ သိမ်းယူထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်တိုက်ထုတ်နေတဲ့ မွန်ပြည်နယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်နေအိမ်တွေကို စစ်ကောင်စီဘက်က ခပ်စိပ်စိပ်ချိပ်ပိတ်တာတွေ လုပ်ဆောင်လာပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့သြဂုတ် ၂၉ ရက်နေ့မှာ ကျိုက်ထိုမြို့ တောင်သူစုရပ်ကွက်ရှိ ကျိုက်ထိုတော် လှန်ရေးအင်အားစု(KRF) တပ်ဖွဲ့ဝင် ကိုရန်ရှင်းနေအိမ်နဲ့ ဂိုဒေါင်တစ်လုံးကို လာရောက်ချိပ်ပိတ်သွားတာပါ။

ဒါ့အပြင် သြဂုတ် ၂၈ ရက်နေ့ကလည်း ပေါင်မြို့နယ် ဥတ္တံတားကျေးရွာက ပေါင်မြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ ကိုစိုးထိုက်အောင်ရဲ့ နေအိမ်ကို ချိပ်ပိတ်ခဲ့ပါတယ်။သြဂုတ် ၁၇ ရက်နေ့ကလည်း ကျိုက်ထိုမြို့ မြောက်ပိုင်းရပ်ကွက်ရှိ ကျိုက်ထိုတော်လှန်ရေးအင်အား စု(KRF) တပ်ဖွဲ့ရဲ့ စစ်ရေးတာဝန်ခံ ကိုရဲသွေးညီရဲ့ယောက္ခမနေအိမ်ကိုလည်း နေထိုင်ခဲ့ဖူးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ချိပ်ပိတ်ခဲ့တာပါ။

KRF တပ်ဖွဲ့ဝင် ကိုရန်ရှင်းကတော့ မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတဲ့ စစ်ကောင်စီတပ်ဟာ လူထုကို အကြောက်တရားသွင်းဖို့အတွက် တော်လှန်ရေးတပ်ဖွဲ့ဝင် နေအိမ်တွေကို လိုက်လံချိပ်ပိတ်နေတာဖြစ်ပြီး ဒီအပေါ်မှာ ထွေထွေထူးထူးပြောစရာ မရှိဘူးလို့ ဆိုပါတယ်။

နေအိမ်ချိပ်ပိတ်ခံရတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီက သေဒဏ်အပါအဝင် ထောင်တစ် သက်အထိ ပြစ်ဒဏ်ချမှတ်နိုင်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မအမျိုးမျိုးနဲ့ မျက်ကွယ်အမှုဖွင့် ထားပါတယ်။

သံလွင်တိုင်းမ်က လက်လှမ်းမီသလောက် ပြုစုထားတဲ့စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း မွန်ပြည်နယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ဝင် နေအိမ် ၅၀ နီးပါး ချိတ်ပိတ်ခံထားရတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှုအသင်း(AAPP) က အာဏာသိမ်းနှစ်နှစ်ကျော်ကာလအတွင်း နိုင်ငံတဝန်းမှာ နေအိမ်နဲ့အကြီးစားပိုင်ဆိုင်မှုပေါင်း ၇၅၀ ကျော် ချိပ်ပိတ်သိမ်းဆည်းခံထားရတယ်လို့ ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.