လဲရေး၊ သြဂုတ်(၃၁)

ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိတဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိဖို့အတွက် မွန်လူငယ်တစ်စုကနေစတင်ခဲ့တဲ့ မွန်တွေရဲ့လက်နက်ကိုင် ခေတ်သစ်တော်လှန်ရေးဟာ နှစ်ပေါင်း ၇၀ ကျော်လာခဲ့ပါပြီ။

မွန်တိုင်းရင်းသားတွေရဲ့ ခေတ်သစ်တော်လှန်ရေးမှာ အသက်သွေးချွေးစတေးပြီး တိုက်ပွဲဝင်ခဲ့ကြတဲ့ အာဇာနည်ခေါင်းဆောင်တွေကို ဂါရဝထားလွမ်းဆွတ်ဂုဏ်ပြုတဲ့ မွန်တော်လှန်ရေးနေ့အခမ်းအနားကလည်း ဩဂုတ် ၃၁ ရက်နေ့မှာ ၇၆ ကြိမ်မြောက်ပြီး ဖြစ်ပါတယ်။

ကုန်လွန်သွားခဲ့တဲ့ နှစ်ကာလတလျှောက်လုံးကို ပြန်ကြည့်ရင် မွန်တိုင်းရင်းသားပြည်သူတွေရဲ့ ရည် မှန်းချက်ဟာ ဘယ်လောက်အတိုင်းအတာထိ ပြည့်ဝခဲ့ပြီလဲဆိုတာ ဆန်းစစ်သုံးသပ်ရမယ့် အဓိကအချက်လို့ မွန်တော်လှန်ရေး အင်အားစုတွေက ဆိုကြပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် (MSRF) ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက မွန်လူထုတစ်ရပ်လုံးအတွက် စာ ပေယဉ်ကျေးမှုအခွင့်အလမ်း အနည်းငယ်ရရှိရုံကလွဲရင် ကျန်တဲ့အခွင့်အရေးတွေ ဘာမှမရှိသေးဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကိုယ့်ကြမ္မာကိုယ်ဖန်တီးပိုင်ခွင့်က ဘယ်လောက်အထိ ရည်မှန်းချက်ပြည့်ဝခဲ့ပြီလဲဆိုတဲ့အပေါ် ကျွန် တော်မြင်တာကတော့ စာပေယဉ်ကျေးမှု အခွင့်အလမ်း အနည်းငယ်ကလွဲလို့ရှိရင် ဒါတောင် ကိုယ်ထူ ကိုယ်ထ ကိုယ့်လူမျိုးတွေထလုပ်တဲ့ စာပေယဉ်ကျေးမှု ကိစ္စရပ်တွေကလွဲလို့ရှိရင် ကျန်တဲ့အခွင့်အရေး ဘာမှ မရှိသေးပါဘူး။ သာမန်လူ့အခွင့်အရေးတောင် မပေးနိုင်တဲ့ စစ်ကောင်စီတွေရဲ့ အုပ်ချုပ်မှုအောက်မှာ ကျွန်တော်တို့ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပိုင်ခွင့်ရှိတဲ့ အခွင့်အရေးရဖို့ဆိုတာဟာ ဘယ်လိုမှမဖြစ်နိုင်ပါဘူးလို့ ကျွန်တော်မြင်တယ်”လို့ သူက ဆိုပါတယ်။

မွန်ပြည်သစ်ပါတီထိန်းချုပ်ဒေသတွေမှာတော့ သူတို့ရဲ့ အခြေခံဥပဒေနဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေကိုတော့ တတ်နိုင်သလောက် တည်ဆောက်ထားတာရှိပေမယ့် မွန်ပြည်သူတစ်ရပ်လုံးအတွက် အကျုံးမဝင်ဘူးလို့ နိုင်နဂါးက ထောက်ပြပါတယ်။

မွန်တိုင်းရင်းသားတွေရဲ့ ခေတ်သစ်လက်နက်ကိုင်တော်လှန်ရေးဟာ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၄၈ ခုနှစ်အလွန်ကာလမှာ အစပျိုးခဲ့ပေမယ့် လမ်းထက်ဝက်မှာ မွန်ပြည်သူ့တပ်ဦးက ဖဆပလအစိုးရထံ လက်နက်ချအလင်းဝင်သွားခဲ့ပါတယ်။

အဲဒီနောက် ၁၉၅၈ ခုနှစ် ဇူလိုင်မှာ မွန်ပြည်သစ်ပါတီကို စတင်တည်ထောင်ခဲ့ပြီး ၁၉၇၀ ခုနှစ်မှာ မွန်ပြည်သစ်ပါတီအပါအဝင် KNU နဲ့ ဝန်ကြီးချုပ်ဟောင်း ဦးနုဦးဆောင်တဲ့ ပါလီမန်ဒီမိုကရေစီပါတီတို့ ပူးပေါင်းကာ တ.ည.လ တပ်ပေါင်းစုအနေနဲ့ လက်နက်ကိုင်တော်လှန်ရေးကို ပြန်လည်စတင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း ၁၉၇၁ ခုနှစ်မှာ မွန်ပြည်သစ်ပါတီက မွန်တိုင်းရင်းသားကိုယ်စားပြု လက်နက်ကိုင်တပ် ဖွဲ့ဖြစ်တဲ့ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA) ကို ဖွဲ့စည်းတည်ထောင်နိုင်ခဲ့ပြီး ၁၉၉၅ ခုနှစ်မှာတော့ စစ်အစိုးရနဲ့ အပစ်ခတ်ရပ်စဲဖို့ သဘောတူခဲ့ပါတယ်။

မွန်နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကတော့ မွန်တော်လှန်ရေးဟာ ၁၉၉၅ နောက်ပိုင်းမရှိတော့တာ ကြာပြီဖြစ်တဲ့အတွက် မွန်တော်လှန်ရေးနေ့ကို လုပ်ဆောင်တာဟာ လူထုစိတ်ဓာတ်တက်ကြွအောင် လှုံ့ဆော်တဲ့သဘောလို့ သုံးသပ်ပါတယ်။

“မွန်တော်လှန်ရေးက ၁၉၉၅ နောက်ပိုင်းဆို မရှိတော့တာကြာပြီ။ အခုဒီမွန်တော်လှန်ရေးနေ့လုပ်တာလည်း မွန်ပြည်သူလူထုတွေ စိတ်ဓာတ်တက်ကြွအောင် လှုံ့ဆော်တဲ့သဘောပဲ။ တကယ်တော့ ဘာမှမဟုတ်ဘူး။ ကြွေးကြော်သံတွေက တစ်နှစ်တစ်မျိုးပြောင်းပြီးတော့ ပြောကြတယ်။ တကယ့်လက်တွေ့မှာ ဘာမှဖြစ်မလာဘူး။ မဖြစ်လာဘူးဆိုတာကလည်း တော်လှန်ရေးမရှိလို့။ တော်လှန်ရေးမရှိဘဲနဲ့ တော်လှန်ရေးနေ့လုပ်တာ ဘာအနှစ်သာရမှမရှိဘူး။ ဘာမှလည်း လက်တွေ့မကျဘူးလို့ ပြောလို့ရတယ်”လို့ သူက ဆိုပါတယ်။

အခုနှစ်ကျရောက်တဲ့ ၇၆ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့အခမ်းအနားကိုတော့ မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ဝင်းစိန်တောရရှိ အာဇာနည်ကုန်းမှာ ကျင်းပဖို့စီစဉ်ထားပြီး “တော်လှန်အင်အားကြီးမှ လူမျိုးအခွင့်အရေးပေါ်ပေါက်မယ်”ဆိုတဲ့ ဆောင်ပုဒ်နဲ့ ကြွေးကြော်ထားတာပါ။

တစ်ဖက်မှာ မွန်တိုင်းရင်းသားတွေရဲ့ ဝါရင့်တော်လှန်ရေးအဖွဲ့အစည်းဖြစ်တဲ့ မွန်ပြည်သစ်ပါတီက တော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းသွားမယ်ဆိုတဲ့မူကို အမြဲတစေဆုပ်ကိုင်ထားပြီး စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးမှု ၆ ကြိမ်ထက်မနည်း ရှိခဲ့တာပါ။

မွန်လူမျိုးကိုယ်စားပြု နိုင်ငံရေးပါတီဖြစ်တဲ့ မွန်ညီညွတ်ရေးပါတီကလည်း ပါတီဝင်ကိုယ်စားလှယ်နှစ်ဦးကို ကောင်စီအဖွဲ့ဝင်အဖြစ် စေလွှတ်ခဲ့ပြီး နိုင်ငံရေးပြဿနာကို လွှတ်တော်လမ်းကြောင်းကနေ ဖြေရှင်းသွားဖို့ စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ဝင်ပြိုင်နိုင်ရေး ပါတီမှတ်ပုံတင် လျှောက်ထားခဲ့ပါတယ်။

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သူ မွန်ပြည်သူတစ်ဦးကတော့ ကိုယ်တော်လှန်နေတဲ့ ရန်သူနဲ့ နိုင်ငံ ရေးအရဖြစ်စေ၊ ဘယ်လိုအရေးပဲဖြစ်စေ ဆွေးနွေးနေတာဟာ လုံးဝမဖြစ်သင့်သလို တော်လှန်ရေးအ နှစ်သာရမရှိတော့ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“တော်လှန်တယ်ဆိုတာ ကိုယ်တော်လှန်နေတဲ့ ကိုယ့်ရဲ့ရန်သူကို နိုင်ငံရေးအရပဲပြောပြော၊ ဘယ်လိုအရေးပဲပြောပြော ဒီလိုမျိုး ဆွေးနွေးနေတယ်ဆိုတဲ့ဟာက လုံးဝမဖြစ်သင့်ဘူး။ ဒါက တော်လှန်ရေးအနှစ်သာရလို့ မမြင်မိဘူး။ ဒီအတိုင်းကြည့်လိုက်ရင် တော်လှန်တယ်လို့ မမြင်မိဘူး၊ ဆွေးနွေးနေတာလို့ပဲ မြင်တယ်။ တစ်နိုင်ငံလုံး ဆွေးနွေးပွဲတွေမလုပ်ဘဲ မအလကို တတ်နိုင်တဲ့ဘက်မှာ တော်လှန်နေချိန်မှာ ကိုယ်ကဆွေးနွေးပွဲ လုပ်နေတယ်ဆိုတဲ့ဟာက တော်လှန်ရေးအနှစ်သာရ မရှိတော့ဘူးလို့ ခံစားရတယ်။ ကျွန်မတို့သိခဲ့ရတဲ့သမိုင်းတွေ၊ သိခဲ့တဲ့ဖတ်ခဲ့တဲ့ စာအုပ်တွေ၊ မွန်တွေ ဘယ်လိုတော်လှန်ခဲ့ကြောင်း အကြောင်းအရာတွေက လက်ရှိလက်တွေ့မှာ မြင်နေရတဲ့ဟာက တခြားစီဖြစ်နေတာပေါ့”လို့ သူက ဆိုပါတယ်။

တစ်ကျော့ပြန် စစ်အာဏာသိမ်းယူမှုကြောင့် ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေထဲမှာ မွန်လူမျိုးကိုယ်စားပြု လက်နက်ကိုင်တပ်ဖွဲ့တွေလည်းရှိနေပြီး အခြားသော တော်လှန်ရေးအင်အားစု မဟာမိတ်တွေနဲ့အတူ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်အတွက် တိုက်ပွဲဝင်နေကြပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် (MSRF) ပြောခွင့်ရ နိုင်နဂါးကတော့ မွန်ပြည်သူတွေရဲ့ ရည်မှန်းချက်ပန်း တိုင်အတွက် တော်လှန်ရေးအင်အားစုတွေနဲ့ ပေါင်းစည်းပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ မွန်ပြည်သူတွေအားလုံးရဲ့ ရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့်ရှိတဲ့ မွန်ပြည်အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အခြားသော စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်တွန်းလှန်နေတဲ့ တော်လှန်ရေးအင်အားစုများနဲ့ ပေါင်းစည်းပြီးတော့ ကျွန်တော်တို့ ဆက်လက်ပြီး တိုက်ပွဲဝင်သွားပါ့မယ်လို့ ပြောချင်ပါတယ်”လို့ သူက ဆိုပါတယ်။

နိုင်ငံရေးပြဿနာကို နိုင်ငံရေးစားပွဲခုံပေါ် ရှင်းလင်းရမယ်ဆိုတဲ့ ခံယူချက်ကို အပြည့်အဝယုံကြည်ပေမယ့် ကတိသစ္စာမတည်တဲ့ စစ်ကောင်စီနဲ့ နိုင်ငံရေး၊ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဘယ်လိုမှ ဖြစ်နိုင်စရာ အကြောင်းမရှိဘူးလို့ မှတ်ချက်ပြုပါတယ်။

မွန်ပြည်သစ်ပါတီ ဥက္ကဌနိုင်ဟံသာက ‘နိုင်ငံရေးအာဏာဟာ သေနတ်ပြောင်းဝကလာတယ်’ဆိုတဲ့ စ ကားကို မှတ်သားထားရမှာဖြစ်ပြီး မွန်တပ်ဖွဲ့တွေမရှိခဲ့တဲ့ အချိန်တုန်းက မွန်လူမျိုးအခွင့်အရေးအ တွက် တောင်းဆိုတာ ဘာတစ်ခုမှမရခဲ့ဘူးလို့ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA ဖွဲ့စည်းခြင်း ၅၂ နှစ်ပြည့်အတွက် ပေးပို့တဲ့သဝဏ်လွှာမှာ ပြောကြားထားပါတယ်။

သတင်း – သံလွင်တိုင်းမ်ဓာတ်ပုံ-NMSP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.