မြိုင် – ဩဂုတ်(၃၀)

မကွေးတိုင်း၊မြိုင်မြို့နယ်က စစ်ကောင်စီဂိတ်ကို တော်လှန်ရေးအင်အားစုတွေက စနိုက်ဘာနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒုရဲအုပ်တစ်ဦးနဲ့ ရဲတပ်ကြပ်တစ်ဦး ကျည်ထိမှန်သွားတယ်လို့ မြိုင်(ပ.က.ဖ) က သတင်းထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့ဩဂုတ်လ(၂၉) ရက်နေ့က မြိုင်မြို့နယ်အနောက်ဘက်က ကိုးဆောင်ဘုန်းကြီးကျောင်း ဂိတ်မှာ ထိုင်နေတဲ့ စစ်ကောင်စီတပ်သားတွေကို တစ်ရက်တည်း နှစ်ကြိမ်တိုင် တိုက်ခိုက်ခဲ့တာ ပါ။

“မနက်ပိုင်းက ဒုရဲအုပ်ဇင်မင်းထွန်းကိုပစ်ပြီးတော့ ထပ်မံစုံစမ်းကြည့်တော့ သေဆုံးသွားပြီလို့ သိရတယ်။ ကျန် စစ်ကောင်စီဘက်တော်သားတွေကိုလည်း အနှေးနဲ့အမြန်သုသာန်ကိုပို့ပေးမှာ ဖြစ်တယ်”လို့ မြိုင်(ပ.က.ဖ) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒုရဲအုပ်ဇင်မင်းထွန်းဟာ မနက်(၇) နာရီဝန်းကျင်မှာ ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး လဲကျသွားတာကို မျက်မြင်တွေ့ရှိခဲ့ရသလို နာရေးပြင်ဆင်နေတာတွေရှိတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် အဲဒီဂိတ်ကိုပဲ ညနေပိုင်းမှာ ချောင်းမြောင်းပစ်ခတ်ခဲ့တာဖြစ်ပြီး စက်လက်ကိုင်ထားတဲ့ ရဲတပ်ကြပ်တစ်ဦး ကျည်ထိမှန်လဲကျသွားခဲ့တဲ့အတွက် စစ်ကောင်စီတပ်သားတွေဘက်က ပြန် လည်ပစ်ခတ်တာကြောင့် တော်လှန်ရေးအင်အားစုတွေ ပြန်လည် ဆုတ်ခွာပေးခဲ့ရတယ်လို့ သိရပါ တယ်။

တော်လှန်ရေးအားကောင်းတဲ့ မြိုင်မြို့နယ်မှာ မကြာခဏစစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံနေရ တာဖြစ်ပြီး ဩဂုတ်လ(၂၈) ရက်နေ့ကလည်း ကိုင်းတောမရဲစခန်းကို ပူးပေါင်းတပ်ဖွဲ့ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့် စခန်းအတွင်းက တုံ့ပြန်မှုမလုပ်ခဲ့ဘူးလို့ သိရပါ တယ်။

သတင်း -သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.