သထုံ၊ သြဂုတ်(၃၀)

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ပိန္နဲတောကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း ဒရုန်းနဲ့နှစ်ကြိမ်တိုင် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ကနေ သိရပါတယ်။

စစ်ကောင်စီ ပိန္နဲတောတပ်စခန်းကို သြဂုတ်၂၈ရက်နေ့ မနက်ပိုင်းမှာ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ဗုံး၉လုံးချပြီး တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုအတွင်း ဗုံးသီးတွေဟာ ပိန္နဲတောတပ်စခန်းရှိ ဗဟိုကင်း၊ အရာရှိအိမ်ရာတွေနဲ့ တပ်သားတွေနေတဲ့ အဆောင်တွေဘက်ကို ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အဆောက်အဦးတချို့ထိခိုက်ပျက်စီးခဲ့ပါတယ်။

ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးနီးပါး ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့ ကြားသိရပေမယ့် မြေပြင်အခြေအနေ အသေးစိတ်ကို ဆက်လက်စုံစမ်းနေတယ်လို့ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည် ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပေမယ့် ပူးပေါင်းတပ်ဖွဲ့ဘက်က အထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အရပ်သားပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေထဲကို လက်နက်ကြီး မကြာခဏပစ်ခတ်တိုက်ခိုက်နေတဲ့ စစ်ကောင်စီ ပိန္နဲတောတပ်စခန်းကို အာဏာသိမ်းကာလအတွင်း KNLA ပူးပေါင်းတပ်ဖွဲ့က ၈ ကြိမ်ထက်မနည်း သွားရောက်တိုက်ခိုက်ထားပါတယ်။

တိုက်ခိုက်ခံရတဲ့ ပိန္နဲတောတပ်စခန်းက သူတို့စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေလာပစ်ရင် ကျေးရွာကို မီးရှို့ဖျက်ဆီးမယ်လို့ ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းမှာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ခေါ်ယူခြိမ်းခြောက်ထားတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.