ရန်ကုန် – ဩဂုတ်(၃၀)

စစ်ကောင်စီလုံခြုံရေးတင်ကျပ်ထားတဲ့ ရန်ကုန်တိုင်းအတွင်းက ရဲစခန်း(၆) ခုကို တော်လှန်ရေးအင်အားစုတွေက (၃) ရက်ဆက်တိုက် ဖောက်ခွဲတိုက်ခဲ့နိုင်ခဲ့တယ်လို့ ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာက သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ(၂၇) ရက်ကနေ (၂၉) ရက်နေ့အထိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းတွေကို ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။

\ဩဂုတ်လ(၂၇) ရက်နေ့ညပိုင်းက မင်္ဂလာဒုံမြို့နယ်၊ပတ္တမြားမြို့သစ်၊ ပတ္တမြားလမ်းမှာရှိတဲ့ အမှတ်(၈) လုံခြုံရေးရဲတပ်ဖွဲ့ခွဲကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး (၂၈) ရက်နေ့မှာတော့ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးနဲ့ ရွှေပေါက္ကံနယ်မြေရဲစခန်းတို့ကို အဝေးထိန်းမိုင်းတွေ နဲ့တိုက်ခိုက်ခဲ့တာပါ။

ဒါ့အပြင် ဩဂုတ်လ(၂၉) ရက်နေ့မှာ အရှေ့ဒဂုံမြို့နယ် ရဲစခန်း၊တောင်ဥက္ကလာပမြို့နယ်နဲစခန်း နဲ့ ရန်ကင်းရဲစခန်းတွေကို အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပေမယ့် လက်တလော မြေပြင်အခြေအနေတွေကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ အသိပေးထားပါတယ်။

စစ်ကောင်စီလက်အောက်ခံရဲစခန်းတွေကို ရန်ကုန်တိုင်းပြည်သူ့တပ်မဟာနဲ့ KMD 18 Crow Squad၊ Guardians UG၊ KMD 18 Hunter Unit တို့ ပူးပေါင်းပြုလုပ်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အမည်မဖော်လိုတဲ့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ဝင်တစ်ဦးကလည်း ဖောက်ခွဲတိုက်ခိုက်မှုဖြစ်စဉ်တွေဟာ မှန်ကန်ပြီး ထိခိုက်သေဆုံးအခြေအနေအသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – တိုက်ခိုက်ခံထားရတဲ့ ရန်ကင်းမြို့နယ်နဲ့ တောင်ဥက္ကလာပမြို့နယ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.