ရေး၊ သြဂုတ်(၃၀)

မွန်ပြည်နယ်၊ ရေးမြို့နယ် ကနင်ကမော့ကျေးရွာနဲ့ သံကတိုက်ကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၇ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိခဲ့တယ်လို့ တောင်ပိုင်းတိုင်း အမှတ် ၃ စစ်ဒေသခွဲက သြဂုတ် ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

သြဂုတ် ၂၈ ရက်နေ့ ညနေ ၄ နာရီအချိန်လောက်မှာ တပ်အင်အား ၁၅၀ နီးပါးပါတဲ့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ၊ ကျားဖြူပူးပေါင်းစစ်ကြောင်းတို့ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

အချိန် ၄၅ မိနစ်နီးပါးကြာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်းမှာ ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီ အမြောက်တပ်ကနေ လက်နက်ကြီး အဆက်မပြတ် ပစ်ကူပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်းမှာ KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော်တစ်ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း အသိပေးထားပြီး တိုက်ပွဲနောက်ဆက်တွဲ အခြေအနေကိုတော့ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

တိုက်ပွဲဖြစ်စဉ်အပေါ် တောင်ပိုင်းတိုင်း အမှတ် ၃ စစ်ဒေသခွဲထံ သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းထားပေမယ့် လက်ရှိအချိန်အထိ အဆက်အသွယ် မရသေးပါဘူး။

အဲဒီတိုက်ပွဲကြောင့် သံကတိုက်၊ ပိန္နဲကုန်း၊ အောင်သာယာ၊ ကနင်ကမော့၊ ဝယ်ပသဲ၊ ဘဲလမုစတဲ့ ကျေး ရွာတွေက ဒေသခံ ၁၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်းမှာ သံကတိုက်ကျေးရွာက ဒေသခံတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကြားသိရပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ရေးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေသလို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ကလည်း နယ်မြေထိန်း ချုပ်နိုင်ဖို့ မော်လမြိုင်-ထားဝယ်ကားလမ်းပေါ်မှာ ပိတ်ဆို့ရှာဖွေစစ်ဆေးတာတွေ လုပ်ဆောင်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-တောင်ပိုင်းတိုင်း အမှတ်(၃) စစ်ဒေသခွဲ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.