ရေး၊ သြဂုတ်(၃၀)

မွန်ပြည်သစ်ပါတီ လက်အောက်ခံ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA) ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် မွန်တစ်မျိုးသားလုံး ဝိုင်းဝန်းကြိုးပမ်း ထိန်းသိမ်းဆောင်ရွက်သွားကြဖို့ ပါတီဥက္ကဌ နိုင်ဟံသာက တိုက်တွန်းလိုက်ပါတယ်။

ဩဂုတ် ၂၉ ရက်နေ့မှာ ကျရောက်တဲ့ မွန်တိုင်းရင်းသားတွေရဲ့ ဝါရင့်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA) ဖွဲ့စည်းတည်ထောင်ခြင်း ၅၂ နှစ်ပြည့်အတွက် နိုင်ဟံသာပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။

နိုင်ဟံသာက ‘နိုင်ငံရေးအာဏာဟာ သေနတ်ပြောင်းဝက လာတယ်’ဆိုတဲ့ စကားကို မှတ်သားထားရမှာဖြစ်ပြီး မွန်တပ်ဖွဲ့တွေမရှိခဲ့တဲ့ အချိန်တုန်းက မွန်လူမျိုးအခွင့်အရေးအတွက် တောင်းဆိုတာဟာ ဘာတစ်ခုမှမရခဲ့ဘူးလို့ ဆိုပါတယ်။

မွန်နဲ့ဗမာအတူတူပဲဆိုပြီး ဖယ်ကျဉ်ခံရပြီး မွန်တပ်ဖွဲ့တွေ ပေါ်လာတဲ့အခါကျမှသာ မိမိတို့ လူမျိုးအခွင့် အရေး အနည်းငယ်ရရှိလာတာဖြစ်သလို တပ်အင်အားကြီးပြီး လက်နက်တောင့်တင်းလာတဲ့ချိန် တပ်ပေါင်းစုအနေနဲ့ တိုက်ပွဲဖော်ဆောင်မှု ခရီးရောက်လာချိန်မှ မွန်ပြည်နယ်ပေါ်ပေါက်လာခဲ့တာလို့ သူက ပြောပါတယ်။

ဒါ့အပြင် မိမိတို့မွန်လူမျိုးတွေဟာ စီးပွားရေးလုပ်ဆောင်ဖို့ကိုသာ အာရုံစိုက်လွန်းတဲ့အတွက် မိမိတို့ပိုင်ဆိုင်မှု အမွေအနှစ်ရေမြေဟာ များစွာဆုံးရှုံးခဲ့ရတာကိုလည်း ပြန်လည်ဆန်းစစ်သတိချပ်ဖို့ကိုလည်း နိုင်ဟံသာက တိုက်တွန်းထားတာပါ။

ဒါကြောင့် မိမိတို့ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA) ကို ဝိုင်းဝန်းကူညီအားပေး လုပ်ဆောင်သင့်သလို အမျိုးသား၊ အမျိုးသမီးမရွေး ကာလအပိုင်းအခြားနဲ့ မိမိတို့လူမျိုးရဲ့ တပ်ဖွဲ့ထဲ ဝင်ရောက်တာဝန် ထမ်းဆောင်ကြဖို့ သဝဏ်လွှာမှာ နှိုးဆော်ထားတာ ဖြစ်ပါတယ်။

မွန်ပြည်သစ်ပါတီအနေနဲ့ နိုင်ငံရေးပြဿနာဖြေရှင်းရာမှာ တွေ့ဆုံဆွေးနွေးရေးမူကို ဆုပ်ကိုင်ထားဆဲဖြစ်တယ်လို့ တရားဝင်ထုတ်ပြောထားပြီး နိုင်ဟံဟာရဲ့ သဝဏ်လွှာမှာတော့ အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ တော်လှန်ရေးကိုတော့ ထုတ်ပြောထားတာ မတွေ့ရပါဘူး။

၁၉၇၀ ခုနှစ်မှာ မွန်ပြည်သစ်ပါတီ အပါအဝင် KNU နဲ့ ဝန်ကြီးချုပ်ဟောင်းဦးနုရဲ့ ပါလီမန်ဒီမိုကရေစီပါတီတို့ ပူးပေါင်းပြီး တိုင်းရင်းသားလူမျိုးပေါင်းစုံလွတ်လပ်ရေးနဲ့ လွတ်မြောက်ရေးတပ်ပေါင်းစု (တညလ) ဖွဲ့စည်းခဲ့ကြတာပါ။

အဲဒီနောက်ပိုင်း မွန်ပြည်သစ်ပါတီကို ဝင်ရောက်လာတဲ့ တပ်ဖွဲ့ဝင်တွေ အင်အားကောင်းလာပြီး ၁၉၇၁ ခုနှစ် ဩဂုတ် ၂၉ ရက်နေ့မှာ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA) ကို ဖွဲ့စည်းတည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရလက်ထက်မှာတော့ မွန်ပြည်သစ်ပါတီဟာ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုပါ။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်ရဲ့ တကျော့ပြန် နိုင်ငံ့အာဏာသိမ်းယူပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ မွန်ပြည်သစ်ပါတီတို့ နေပြည်တော်မှာ ၆ ကြိမ်ထက်မနည်း တွေ့ဆုံဆွေးနွေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-NMSP/IMNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.