မော်လမြိုင်၊ သြဂုတ်(၃၀)

မွန်ပြည်နယ် ဆေးဈေးကွက်မှာ နိုင်ငံခြားကနေတင်သွင်းနေရတဲ့ ဆေးဈေးနှုန်းတွေ အဆမတန်မြင့်တက်လာပြီးနောက် ဆေးဝါးပစ္စည်းအများစု ပြတ်လပ်မှုနဲ့ ကြုံနေရတယ်လို့ ဆေးဆိုင်လုပ်ငန်းရှင်တွေနဲ့ ဆရာဝန်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နိုင်ငံခြားကနေ တင်းသွင်းနေရတဲ့ ဆေးဝါးပစ္စည်းတွေဟာ စစ်ကောင်စီရဲ့ ကျပ်နှစ်သောင်းတန် ငွေစက္ကူထုတ်ဝေမှုကြောင့် ဒေါ်လာဈေးနှုန်း မြင့်တက်လာတာ၊ ဆေးဝါးတင်သွင်းခွင့် အခက်အခဲတွေကြောင့် ဈေးနှုန်းအဆမတန် မြင့်တက်လာပြီးနောက် ပစ္စည်းပြတ်လပ်တဲ့အထိ ဖြစ်ပေါ်လာတာပါ။

ဆေးဝါးပစ္စည်းတွေဟာ သြဂုတ်လအတွင်း ဆေးပစ္စည်းတစ်မျိုးကို အရင်ကာလထက် ၃၅ ရာခိုင်နှုန်းနီးပါးအထိ ထပ်မံမြင့်တက်လာသလို ဆေးကုမ္ပဏီတချို့ကလည်း အရောင်းပိတ်လာကြတာ ဖြစ်ပါတယ်။

ဆေးဆိုင်လုပ်ငန်းရှင်တစ်ဦးကတော့ စစ်ကောင်စီရဲ့ ဆေးဝါးတင်းသွင်းခွင့် ကန့်သတ်ချက်တွေကြောင့် ဈေးကွက်အတွင်းမှာ အားဆေးကလွဲပြီး ကျန်ဆေးဝါးပစ္စည်း အားလုံးနီးပါး ပြတ်လပ်မှုနဲ့ ကြုံနေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“သာင်းနှစ်တန်ဂယက်မှာ ငွေဈေးတွေတက်တယ်။ အဲဒီအချိန်ထိတော့ ပထမတစ်ပတ်လောက်ထိကို ငြိမ်နေသေးတာပေါ့။ ငွေဈေးကလုံးဝပြန်မကျဘဲနဲ့ ဆက်ဆက်တက်လာတဲ့အချိန်မှာ ဆေးတွေရဲ့ရာခိုင်နှုန်းတွေက တက်လာတယ်။ ၅ရာခိုင်နှုန်းကနေ ၂၀ရာခိုင်နှုန်းလောက်တက်နေရာကနေ အခုဆိုရင်တော့ (၃၅) လောက်ကို တက်သွားကြပြီ။ ပစ္စည်းကတော့ လုံးဝပြတ်နေတယ်။ ဆေးဆိုင်တွေကို ပစ္စည်းမချဘူး၊ အဲဒီတော့ပိုဆိုးတာပေါ့။ ပုံမှန်ကျွန်တော်တို့ သောက်နေတဲ့ အားဆေးတွေပေါ့။ အား ဆေးတွေကလွဲလို့ အကုန်ပြတ်တယ်။ အကုန်လုံးက စတော့နည်းတယ်။ အကုန်လုံးနီးပါးကို ဖြစ်နေတာ၊ ငွေဈေးတက်တာကြောင့်လည်းပါတယ်။ ကုန်စည်တင်သွင်းမှုကြောင့်လည်းပါတယ်၊ အခက်အခဲတွေကြောင့်၊ အဲဒီ (၂)ချက်ကြောင့်”လို့ ဆိုပါတယ်။

ဒါ့အပြင် ဈေးကွက်အတွင်းမှာလည်း ဆေးကုမ္ပဏီတွေက တင်သွင်းခွင့်အခက်အခဲကြောင့် ဆေးဝါးတွေကို လိုသလောက် ရောင်းချပေးတာမရှိသလို ဆေးဆိုင်တွေကို ခွဲတမ်းနဲ့သာ ရောင်းချပေးတာရှိတဲ့အတွက် ဆေးဝါးလိုအပ်ချက် မြင့်မားလာတယ်လို့ သူကဆက်ပြောပါတယ်။

ဆရာဝန်တစ်ဦးကလည်း ဆေးဝါးပစ္စည်းအများစု ပြတ်လပ်လာတာကြောင့် ဆေးအမျိုးအစား ရွေးချယ်လို့မရတော့ဘဲ ရှိတဲ့ဆေးတွေနဲ့သာ ကုသပေးနေရပြီး ဆေးဝါးပြတ်လပ်မှု ဆက်လက်ဖြစ်ပေါ်နေပါက လူနာတွေအတွက် အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ပြောပါတယ်။

“ဆေးကတော့ တော်တော်ပြတ်တယ်၊ အခု ပိုဆိုးလာတယ်ခင်ဗျ။ ကျွန်တော်တို့က ဆေးအမျိုးအစားရွေးတဲ့ အခြေအနေမဟုတ်တော့ဘူး၊ ဆေးရှိတယ်ဆိုရင် ဘာပဲဖြစ်ဖြစ် သုံးရတဲ့အခြေအနေဖြစ်လာပြီ။ ဆေးတွေက မရှိသလောက် နီးပါးဖြစ်တယ်။ အရေးကြီးဆေးတွေက မရှိသလောက်ဖြစ်တော့ နယ်စပ်ဘက်က မှာမယ်ဆိုရင်လည်း လမ်းတွေအခြေအနေ မဟန်တော့ ပြတ်သလောက်နီးပါးကို ဖြစ်နေတယ်ခင်ဗျ။ ဈေးကလည်း (၂)ဆနီးပါးတက်တဲ့အပြင်ကို ဆေးမရှိသလောက်နီးပါး ဖြစ်နေတယ်။ အ ရေးကြီးဆေး တော်တော်များများ ပြတ်တယ်ခင်ဗျ။ ကျွန်တော်တို့ကတော့ လောလောဆယ်တော့ ချိန်ပြီးကုရတာဘဲ မရှိရှိတဲ့ဟာကိုလေ။ မှာတယ်။ ဈေးကြီးလည်း ကြီးသလိုပေါ့ ချိန်ပြီးကုရတယ်။ အရမ်းကြီးအရေးမကြီးရင်တော့ ကျွန်တော်တို့ ပုံမှန်ဆေးနဲ့ပဲရအောင် တက်နိုင်သလောက် ကုရတယ်။ အရမ်းအရေးကြီးတဲ့ လူအတွက်ကို မဖြစ်မနေဆေးတွေ ထားထားရတာပေါ့၊ ဆေးပြတ်လပ်မှု ဒီအတိုင်းများရင် သူကပုံမှန်သောက်နေကြ နာတာရှည်ရောဂါသမားတွေအနေနဲ့ ရောဂါပိုမိုဆိုးရွားလာနိုင်တယ်၊ အသက်အန္တရာယ် တော်တော်သိသိသာသာ ထိလာနိုင်တယ်”လို့ ဆိုပါတယ်။

မွန်ပြည်နယ်အတွင်းမှာ အသုံးပြုနေတဲ့ နိုင်ငံခြားကနေတင်သွင်းတဲ့ ဆေးဝါးတွေကို ရန်ကုန်ကတဆင့် ကုမ္ပဏီတွေက ဈေးကွက်အတွင်း ဖြန့်ဝေရောင်းချတာတွေရှိသလို ထိုင်းနိုင်ငံဘက်ကလည်း မှာယူတင်သွင်းတာတွေ ရှိနေပေမယ့် လမ်းခရီးအခက်အခဲနဲ့ကန့်သတ်ချက်တွေကြောင့် ဆေးဝါးတင်သွင်းဖို့ အခက်ကြုံနေတာပါ။

အခုလို အခြေအနေတွေကြောင့် ဆေးဝါးပစ္စည်းအများစုဟာ ကုမ္ပဏီတွေမှာ လက်ကျန်နည်းပါးလာသလို ဆေးဝါးတင်သွင်းခွင့်ကို စစ်ကောင်စီဘက်က တင်းကျပ်ထားတဲ့အတွက် ဆေးဈေးကွက်အပေါ် သက်ရောက်မှု ကြီးမားလာနိုင်တယ်လို့ ဆေးဝါးတင်သွင်းနေတဲ့ လုပ်ငန်းရှင်တွေက သုံးသပ်ထားပါတယ်။

မြန်မာနိုင်ငံဟာ ဆေးဝါးနဲ့ဆက်စပ်ပစ္စည်းတွေကို ထိုင်း၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေကနေ အဓိကတင်သွင်းနေတာဖြစ်ပြီး စစ်တပ်အာဏာသိမ်းကာလအတွင်း ဆေးဝါးပြတ်လပ်မှုတွေ မကြာခဏရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.