ကျောက်ကြီး၊ သြဂုတ်(၃၀)

ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၄ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အရပ်သားပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၇ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်က ကျောက်ကြီးမြို့နယ် ကညင်ကျိုးကျေးရွာထဲကို စစ်ကောင်စီရဲ့ ခလရ(၂၆၄)တပ်ရင်းက လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့တဲ့အတွက် ကညင်ကျိုးကျေးရွာနေ အသက် ၄ နှစ်အရွယ် ကလေးတစ်ဦးနဲ့ အမျိုးသမီး ၃ ဦး စုစုပေါင်း(၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုအတွင်း ကညင်ကျိုးကျေးရွာအတွင်းရှိ ဒေသခံပြည်သူတွေရဲ့ နေအိမ် ၅ လုံးလည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်က အရပ်သားပြည်သူလူထုအပေါ် ဦးတည်ပစ်မှတ်ထားပြီး ကျေးရွာတွေထဲကို လက်နက်ကြီးပစ်ခတ်တိုက်ခိုက်တာတွေ နေ့စဉ်လိုလိုလုပ်ဆောင်နေလျက်ရှိနေတာပါ။

ဒီလိုစစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးဒဏ်ရာရရှိခဲ့ကာ နေအိမ်အဆောက်အဦးတွေ အများအပြား ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၅ ရက်နေ့ကလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် KNU မုန်းမြို့ နယ်၊ ရွှေကျင်မြို့နယ်၊ ကျောက်ကြီးမြို့နယ်ထဲရှိ ကျေးရွာတွေက ပြည်သူ ၄ ဦး ဒဏ်ရာရရှိခဲ့သလို နေအိမ် ၇ လုံး လည်း ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရတာပါ။

KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေရှိ ကျေးရွာတွေထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုတွေ အဆက်မပြတ်လုပ်ဆောင်နေတဲ့အတွက် ဒေသခံရွာသူရွာသားတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရပါတယ်။

ဒါ့အပြင် ရွာသူရွာသားတွေရဲ့ စားဝတ်နေရေးနဲ့ လုံလောက်တဲ့ ဆေးဝါးကုသမှုတွေ ရရှိရေးအပါအဝင် စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေကြရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.