ရေး ၊ ဩဂုတ် ၂၈

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီ အမှတ် (၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ – ၁၉ နဲ့ ခလရ – ၆၁ တို့ကို ဒီကနေ့ မနက် ၁၁ နာရီဝန်းကျင်မှာ မောင်းသူမဲ့ SF-Z လေယာဉ်အငယ်စားနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ပါတယ်။

အဲဒီဗုံးကြဲတိုက်ခိုက်မှုပြီးနောက် စစ်ကောင်စီဘက်က (၈၁)မမ၊ (၁၂၀)မမ လက်နက်ကြီးတွေနဲ့ (၈) ကြိမ်ထက်မနည်း ပြန်လည်ပစ်ခတ်ခဲ့‌ပေမယ့် မဟာမိတ်တော်လှန်ရေးတပ်ပေါင်းစုတွေ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်တပ်ထိခိုက်ကျဆုံးမှုကိုတော့ စုံးစမ်း‌ဆဲလို့ ဆိုပါတယ်။

စစ်ဆင်ရေးအတွင်း ရာသီဥတုဆိုးရွားမှုကြားက ခက်ခက်ခဲခဲ ကြိုးစားဆောင်ရွက်ခဲ့ရပြီး ရာသီဥတုဒဏ်ကြောင့် တော်လှန်ရေးအင်အားစုဘက်က SF – Z လေယာဉ်တစ်စီး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဖော်ပြပါတယ်။

အခုစစ်ဆင်ရေးကို (၇၆) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းအခြေစိုက် တော်လှန်ရေးမဟာမိတ်အင်အားစုတွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာပါ။

မဟာမိတ်အင်အားစုထဲမှာ မွန်ပြည်တော်လှန်ရေးတပ် MSRF၊ ရေးလေတပ် YAF၊ ရေးကာကွယ်ရေးတပ် YDF၊ ထားဝယ်ခရိုင်အမှတ် (၂) တပ်ရင်း (T-5)၊ဒေါနစစ်ကြောင်းနဲ့ ကံပေါက်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ KBDF တို့ ပါဝင်ပါတယ်။

ဒါ့အပြင် အဲဒီစစ်ဆင်ရေးကို မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း MSRO၊ ရေးကာကွယ်ရေးတပ် YDF နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ( တပ်ရင်း- ၁ )၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (TPLF) တို့လည်း ပါဝင်ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။

သတင်း- သံလွင်တိုင်းမ်

Photo – MSRF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.