ပေါင် – ဩဂုတ်(၂၈)

မွန်ပြည်နယ်၊ပေါင်မြို့နယ် ပေါင်းရပ်ကွက် ရန်ကုန်-မော်လမြိုင် လမ်းဘေးမှာရှိတဲ့ ပေါင်မြို့မရဲ စခန်းနဲ့ ထွေအုပ်ရုံး ဒရုန်းနဲ့တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ(၂၇) ရက်နေ့ ညနေပိုင်းက မြို့မရဲစခန်း ခြံစည်းရိုးအနီးနဲ့ ထွေအုပ်ရုံး အနောက်ဘက် ရေစင်အနီးကို ဒရုန်းဗုံးသုံးလုံး ကျရောက်ပေါက်ကွဲခဲ့တာပါ။

ဒရုန်းဗုံးသီးကျရောက်ပေါက်ကွဲပြီးချိန်မှာ ရဲစခန်းထဲက ပစ်ခတ်သံ တချို့ထွက်ပေါ်ခဲ့တဲ့ အတွက် ဒေသခံတွေဟာ သွားလာမှုမရှိသလောက်ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

“မနေ့ညနေက ဗုံးကျတာဟုတ်တယ်။ လူထိခိုက်ရှိတယ်လို့တော့ မတွေ့ရဘူး။ တကယ်လို့ ထိခိုက် သေဆုံးတာရှိရင် သူတို့ကားတွေနဲ့ဖြစ်ဖြစ် နာရေးကားနဲ့ဖြစ်ဖြစ် သယ်ထုတ်သွားတာကို တွေ့ရမှာ အခုက သီးခြားလှုပ်ရှားတာမတွေ့ရဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို သထုံခရိုင် တပ်မဟာ-၁၊တပ်ရင်း-၂၊KNLA/PDF အဖွဲ့၊ပ.က.ဖအဖွဲ့ နဲ့ S.O.F တို့ ပူးပေါင်းပြီး ဒရုန်းနဲ့ ဗုံး(၇) လုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ တပင်ရွှေထီးစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်မှုအတွင်း မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကျော်နိုင်ဦး အပါအဝင် ဗိုလ်ကြီး(၁)ဦး၊တပ်ကြပ်(၂)ဦးနဲ့ တပ်သား(၁) ဦးစုစုပေါင်း(၅) ဦးထိခိုက်ခဲ့တယ်လို့ ဆိုထားပေ မယ့် သံလွင်တိုင်းမ် အနေနဲ့ သီးခြားအတည်မပြုနိုင်ခဲ့ပါဘူး။

လက်နက်ကိုင်ခုခံတော်လှန်ရေးအားကောင်းတဲ့ မွန်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး အင်အားစုတွေမကြာခဏထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က အထိနာနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါင်မြို့မရဲစခန်းနဲ့ ထွေအုပ်ရုံးဟာ (၃) ကြိမ် အထိ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – တပင်ရွှေထီးစစ်ကြောင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.