နေပြည်တော်၊ သြဂုတ်(၂၉)

ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းတွေကို လာမယ့်စက်တင်ဘာ ၁ ရက်နေ့ကစပြီး ရရှိတဲ့လစာငွေအပေါ် ဝင်ငွေခွန် ၂ ရာခိုင်နှုန်း စတင်ကောက်ခံသွားမယ်လို့ စစ်ကောင်စီ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်လာပါတယ်။

သြဂုတ် ၂၅ ရက်နေ့ ရက်စွဲနဲ့ထုတ်ပြန်တဲ့ အဲဒီညွှန်ကြားစာမှာတာ့ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးသူတွေကို အခကြေးငွေပေးချေရာမှာ ဆေးရုံ၊ ဆေးခန်းနဲ့ ကျန်းမာ ရေးလုပ်ငန်းတွေက ဝင်ငွေခွန် ၂ ရာခိုင်နှုန်း နုတ်ယူထားဖို့ ပါဝင်ပါတယ်။

နုတ်ယူထားတဲ့ ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို နုတ်ယူထားတဲ့နေ့မှစပြီး ၁၅ ရက်အတွင်း ငွေလက်ခံရရှိထားသူ ဒါမှမဟုတ် ကျန်းမာရေးစောင့်ရှောက်မှုပေးသူ အမည်နဲ့သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၊ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာအခွန်ရုံးနဲ့ အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးတွေရဲ့ ဘဏ်ငွေစာရင်းကို ပေးသွင်းမယ်လို့ ဆိုပါတယ်။

ပုဂ္ဂလိကဆရာဝန်တစ်ဦးကတော့ စစ်ကောင်စီရဲ့ ဝင်ငွေခွန်ကောက်ခံမှုကြောင့် လူနာတွေဆေးဝါးကုသစရိတ်အတွက် ကုန်ကျစရိတ် ပိုမိုမြင့်တက်လာနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အပြင်ကိုယ့်ဘာကို ဆေးခန်းထိုင်တဲ့ လူတွေဆိုရင်တော့ သူတို့ကတစ်နှစ်တစ်ခေါက် သူတို့အခွန်သွင်းဖို့ ဆိုပြီးတော့ အမြတ်ခွန်ဆောင်ဖို့ စာပို့တယ်ပေါ့။ ပြီးရင်အခွန်ရုံးမှာ သွားသွင်းရတာပေါ့။ အဲဒီပုံစံမျိုး သွားတာပေါ့။ ရိုးရိုးဆရာဝန်ဆိုရင်တစ်မျိုး၊ နောက်အထူးကုဆရာဝန်ဆိုရင်တစ်မျိုး။ နောက်အဲဒီလိုမျိုး ဆေးရုံ၊ ဆေးခန်းတွေမှာ ဆိုင်းဘုတ်တပ်ထားတယ်ဆိုလို့ရှိရင် ဆိုင်းဘုတ်ဘယ်နှစ်ခု တပ်ထားလဲပေါ့၊ ဘယ်ဆေးခန်းမှာ ဘယ်လိုတပ်ထားလဲ အဲဒီပုံစံမျိုးပါပဲ။ အဲဒါကလည်း သေသေချာချာ သဲသဲ ကွဲကွဲ နားမလည်းသေးဘူး အဲဒီစာရွက်ကိုလေ။ အဲဒီအခွန်ကောက်မယ်ဆိုတဲ့ဟာက ကျွန်တော်တို့တော့ ပုံမှန်အခွန်ဆောင်နေတာပဲလေ။ နှစ်တိုင်းတစ်နှစ်တစ်ခါ အခွန်လာရင် အခွန်ပေးနေတာပဲပေါ့။ ဒီအခွန်ကျတော့ ဘယ်လိုလာမလဲမသိသေးဘူး။ အခွန်ပေးရရင်တော့ ပိုအကုန်အကျများမှာပေါ့။ ဆေး ခန်းပြတဲ့အခါ။ နောက်ဆုံးအရင်းစစ်လိုက်လို့ ကုန်တာက လူနာပဲပေါ့။ ဆရာဝန်ကတော့ အိတ်စိုက်ပြီးတော့ အခွန်ပေးဖို့မရှိဘူးလေ။ သူအခွန်ပေးရမယ့်တူတူ ပိုယူလိုက်မှာပေါ့။ ဒါပဲရှိတာကို၊ အခွန်ကောက်ရင်တော့ပြည်သူ့ပိုက်ဆံပဲ ပိုကုန်မှာပေါ့”လို့ ဆိုပါတယ်။

စစ်ကောင်စီက ဝင်ငွေခွန်ကောက်မယ့် ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းတွေမှာတော့ မြန်မာနိုင်ငံဆေးကောင်စီ၊ သွားနဲ့ခံတွင်းဆိုင်ရာ ဆေးကောင်စီ၊ သူနာပြုနဲ့သားဖွားကောင်စီတွေကနေ ဆေးကုသခွင့် လိုင်စင်နဲ့ မှတ်ပုံတင်လက်မှတ် ထုတ်ပေးထားတဲ့ ဆရာဝန်၊ သူနာပြု၊ သားဖွားလိုင်စင်ရရှိသူနဲ့ နည်းပညာကျွမ်းကျင်သူတွေ ပါဝင်ပါတယ်။

အဲဒီဝင်ငွေခွန်တွေကို မြို့နယ်အခွန်ဦးစီးဌာနမှူးက ဝင်ငွေနှစ်ကုန်ဆုံးပြီးနောက် အခွန်စည်းကြပ်မှု ဆောင်ရွက်ရာမှာ ဆေးရုံ၊ ဆေးခန်းနဲ့ ကျန်းမာရေးလုပ်ငန်းတွေကနေ နုတ်ယူပေးသွင်းခဲ့တဲ့ ဝင်ငွေခွန်ကို စည်းကြပ်မှုအရ ကျသင့်ဝင်ငွေခွန်မှ ခုနှိမ်ပေးရမယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။

စစ်ကောင်စီရဲ့ ဝင်ငွေခွန်ကောက်ခံမှုဟာ အထူးကုဆရာဝန်ကြီးတွေနဲ့ သမားတော်ကြီးတွေရဲ့ ဝင်ငွေရရှိမှုအပေါ် စိစစ်လိုတာ၊ ပြည်တွင်းမှာအခွန်ရရှိမှု နည်းပါးနေတဲ့အတွက် ပုဂ္ဂလိကကျန်းမာရေးကဏ္ဍကနေ အခွန်ရှာတာလို့ သုံးသပ်ကြပါတယ်။

မြန်မာနိုင်ငံမှာတော့ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းတွေကနေ ကျန်းမာရေးစောင့်ရှောက်မှုပေးသူ သိန်းနဲ့ချီရှိတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Twitter

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.