မော်လမြိုင် – ဩဂုတ်(၂၈)

နိုင်ငံတကာအသိုင်းအဝိုင်းက အစိုးရအသီးသီးအနေနဲ့ တီမောလက်စတေးနိုင်ငံလို မြန်မာပြည်သူ လူထုနဲ့အတူ ရပ်တည်ပေးပြီး မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး အတွက် ကူညီပံ့ပိုးမှုတွေ ပြုလုပ်ပေးကြဖို့ NUG အစိုးရက မေတ္တာရပ်ခံထားပါတယ်။

ဒီမိုကရေစီအခြေခံမူတွေ လူ့အခွင့်အရေးစံတန်ဘိုးတွေနဲ့ လူသားချင်းစာနာထောက်ထားမှုတွေကို လေးစားတန်ဖိုးထားတဲ့ အစိုးရတွေအနေနဲ့ မြန်မာပြည်သူတွေနဲ့ အတူရပ်တည်ကြဖို့ ဒီနေ့ရက်စွဲနဲ့ NUG ကတောင်းဆိုထားတာပါ။

အာဏာသိမ်းစစ်ကောင်စီက တီမောလက်စတေးနိုင်ငံရဲ့ သံတမန်တွေကို လာမယ့် စက်တင်ဘာလ(၁) ရက်နေ့ နောက်ဆုံးထားပြီး မြန်မာနိုင်ငံကို ထွက်ခွာဖို့ နှင်ထုတ်ခဲ့တဲ့အတွက် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဒါ့အပြင် နိုင်ငံတော်ရဲ့ အာဏာကို ဥပဒေဘောင်ပြင်ပကနေ လက်နက်အားကိုးနဲ့ အဓမ္မရယူထားတဲ့ တရားမဝင် အဖွဲ့အစည်းအနေနဲ့ နိုင်ငံတော်ရဲ့ နိုင်ငံတကာ သံတမန်ဆက်ဆံရေးကိစ္စရပ်တွေ အပေါ် ဆုံးဖြတ်ဆောင်ရွက်ခွင့်ရှိမှာမဟုတ်ဘူးလို့လည်း NUG ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

တီမောလက်စတေးနိုင်ငံရဲ့ မိတ်ဆွေကောင်းအဖြစ် ခိုင်မာမြဲမြံတဲ့ ရပ်တည်ချက်ကို အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မြန်မာပြည်သူလူထုရဲ့ နှလုံးသားထဲမှာ နက်ရှိုင်းစွာ အစဉ်အမြဲ အမှတ်ရနေမှာဖြစ်ပြီး ကျေးဇူးတင်ကဗ္ဗည်း မြဲမြံစွာ မှတ်တမ်းတင်ရေးထိုးထားမယ်လို့လည်း ဆိုထားပါတယ်။

သံလွင်တိုင်းမ်က ဖော်ပြထားတဲ့ စစ်ကောင်စီက တီမောသံတမန်တွေကို စက်တင်ဘာလ(၁) ရက်နေ့ နိုင်ငံကအပြီးထွက်ခွာဖို့ ပြောဆိုထားတဲ့ သတင်းမှာလည်း ပြည်သူ့ အစိုးရတက်လာချိန်မှာ တီမောနိုင်ငံကို အခွန်ကင်းလွတ်ခွင့်ပေးပြီး နိုင်ငံတွင်းမှာ စီးပွားရေးလုပ်ကိုင်ခွင့်ပေးသင့်တယ် လို့ ပြည်သူတချို့က မှတ်ချက်ပြုရေးသားတာတွေရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.