ရန်ကုန်၊ သြဂုတ်(၂၉)

တီမောလက်စ်တေသံတမန်ကို မြန်မာနိုင်ငံကနေ ထွက်ခွာဖို့နှင်ထုတ်တဲ့ စစ်ကောင်စီလုပ်ရပ်ဟာ ပြုမူနေကျ မလျော်ကန်တဲ့ ဥပဒေမဲ့ပြုကျင့်မှုသာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဩဂုတ် ၂၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

NUG ရဲ့ ထုတ်ပြန်ချက်အရ နိုင်ငံတော်ရဲ့အာဏာကို ဥပဒေဘောင်ပြင်ပကနေ လက်နက်အားကိုးနဲ့ အဓမ္မရယူထားတဲ့ တရားမဝင်အဖွဲ့အစည်းအနေနဲ့ နိုင်ငံတကာ သံတမန်ဆက်ဆံရေးကိစ္စရပ်တွေအပေါ် ဆုံးဖြတ်ခွင့်မရှိဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီဟာ NUG နဲ့ ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်ခဲ့တဲ့ တီမောလက်စ်တေနိုင်ငံကို ပြင်းထန်စွာ ကန့်ကွက်တဲ့အနေနဲ့ ရန်ကုန်မြို့ရှိ အရှေ့တီမောသံရုံးက သံရုံးယာယီတာဝန်ခံကို စက်တင်ဘာ ၁ ရက်နေ့ မတိုင်မီ ထွက်ခွာဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက အကြောင်းကြားခဲ့တာပါ။

NUG နဲ့ မဆက်ဆံဖို့ တီမောအစိုးရကို စစ်ကောင်စီက ဆက်တိုက်သတိပေးနေတဲ့ကြားက ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်နေတာဟာ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေတဲ့အပြင် NUG က ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေ ပိုမိုလုပ်ဆောင်စေဖို့ အားပေးရာရောက်တယ်လို့ ဆိုပါတယ်။

တီမောအစိုးရအနေနဲ့ စစ်ကောင်စီရဲ့ အခုလုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချပြီး လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့အပြင် လက်ရှိအကျပ်အတည်းတွေကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ မြန်မာစစ်တပ်ကို တိုက်တွန်းခဲ့သလို မြန်မာလူထုနဲ့အတူ ဆက်လက်ရပ်တည်သွားမယ်လို့ ဩဂုတ် ၂၆ ရက်နေ့က ထုတ်ပြန်ခဲ့တာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်ကတော့ တီမောလက်စ်တေရဲ့ ထုတ်ပြန်ချက်ဟာ စစ်အာဏာရှင်စနစ်ကို တော်လှန်နေတဲ့ မြန်မာပြည်သူနဲ့အတူ ရင်ဘတ်ချင်းနီးစပ်တဲ့ အနေအထားကို ပြသရာရောက်တယ်လို့ ဆိုပါတယ်။

“ဒါဟာ တော်လှန်ရေးတရပ်ကနေ ပေါက်ဖွားလာတဲ့ အစိုးရတရပ်အနေနဲ့ လက်ရှိစစ်အာဏာရှင် တော်လှန်ရေးကို ဆင်နွှဲနေတဲ့ မြန်မာပြည်သူလူထုနဲ့ ရင်လတ်ချင်းနီးစပ်တဲ့ အနေအထားကို ပြသရာ ရောက်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့လည်း ဒီကိစ္စကို ကျွန်တော်တို့ ရင်ထဲအသည်းထဲမှာ အမြဲတမ်းမှတ်ကျောက်တင်ထားမှာဖြစ်ပြီး တော်လှန်ရေးပြီးဆုံးသွားတဲ့ တစ်နေ့ကျရင် မြန်မာနဲ့တီမောလက်စ်တေနိုင်ငံတို့ဟာ ကိုယ့်တစ်နိုင်ငံထဲရဲ့ အရေးကိစ္စတွေ မဟုတ်ဘဲနဲ့ ဒေသတွင်းရော၊ ကမ္ဘာကြီးတခုလုံးရော၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးစံနှုန်းတွေ အပြည့်အဝရရှိဖို့ အာဏာရှင်စနစ်တွေ ပေါ်ထွန်းခြင်းမရှိဖို့ ရည်မှန်းချက်တွေ အတူတကွလက်တွဲဆောင်ရွက်ဖို့ ယုံကြည်မျှော်လင့်ပါတယ်ဗျ”လို့ သူက ဆိုပါတယ်။

အတိုက်အခံတော်လှန်ရေးအဖွဲ့အစည်းဖြစ်တဲ့ NUG အပါအဝင် CRPH နဲ့ PDF တို့ကို စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသလို စစ်တပ်ဦးဆောင်တဲ့ အာဏာသိမ်းစစ်ကောင်စီကိုလည်း NUG က အကြမ်းဖက်အဖြစ် ကြေညာခဲ့တာပါ။

ပြီးခဲ့တဲ့ ဇူလိုင်၁ရက်နေ့ကကျင်းပတဲ့ တီမောလက်စ်တေဒီမိုကရက်တစ် သမ္မတနိုင်ငံရဲ့ ၉ ကြိမ်မြောက် အစိုးရအဖွဲ့သစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ တက်ရောက်ဖို့ NUG ကို တီမောသမ္မတက တရားဝင်ဖိတ်ကြားခဲ့တာပါ။

သမ္မတနန်းတော်မှာပြုလုပ်တဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ချက်သမ္မတနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးလင်းသန့်တို့ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီအပေါ် စစ်ကောင်စီက ကန့်ကွက်ရှုတ်ချကြောင်း ကြေညာခဲ့သလို ရန်ကုန်မြို့ရှိ တီမောသံရုံးတာ ဝန်ခံကို နေပြည်တော်အထိ ခေါ်ယူသတိပေးရာကနေ တီမောအစိုးရကို အဆက်အသွယ်ဖြတ်တောက်တဲ့အထိ ဖြစ်လာရတာပါ။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ အာဆီယံအဖွဲ့ဝင်ဖြစ်ဖို့ ကြိုးပမ်းနေတဲ့ တီမောနိုင်ငံအနေနဲ့ အခုလိုစစ်ကောင်စီက အဆက်အသွယ်ဖြတ်တောက်လိုက်တာဟာ သံတမန်ရေးကြားမှာ အတော်ကြီးမားတဲ့ကိစ္စလို့ သုံးသပ်ပါတယ်။

“တီမောအစိုးရက အခုချိန်မှာ အာဆီယံရဲ့ တင်းပြည့်အဖွဲ့ဝင်အဖြစ်သေးပါဘူး။ အဖွဲ့ဝင်ဖြစ်ဖို့ ထောက်ခံမှုပေးနေတဲ့ အခြေအနေဖြစ်ပါတယ်။ အဲဒီအခြေအနေအတွင်း ဒီလိုတီမောအစိုးရနဲ့ အဆက်အသွယ် ဖြတ်လိုက်ခြင်းအားဖြင့် NUG ကို အသိအမှတ်ပြုထားတဲ့ အစိုးရတရပ်ကို စစ်ကောင်စီအစိုးရက အသိအမှတ်မပြုကြောင်း ဖော်ပြလိုက်တာပဲ။ ဒါဟာသံတမန်ရေးကြားမှာ အတော်ကြီးမားတဲ့ကိစ္စဖြစ်တဲ့အတွက် မလုပ်သင့်ဘူးလို့ သံတမန်အသိုင်းအဝိုင်းနဲ့ ကမ္ဘာကနေပြီးတော့ ဝိုင်းဝန်းကန့်ကွက်နေတာ။ အဲဒီအတွက်ကြောင့် တီမောကို အာဆီယံဝင်ခွင့်ဟာ နောက်ဆုတ်သွားနိုင်တယ်ဆိုတာ အခြေအနေတစ်ခုမှာမှန်ပါတယ်”လို့ သူက ဆိုပါတယ်။

တီမောနိုင်ငံဟာ ၂၀၁၁ ခုနှစ်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်နိုင်ဖို့ လျှောက်ထားခဲ့ပြီး အာဆီယံအနေနဲ့ တီမောနိုင်ငံကို အသင်းဝင်အဖြစ်လက်ခံဖို့ ပြီးခဲ့တဲ့နှစ် အာဆီယံထိပ်သီး အစည်းအဝေးတွေမှာ မူအနေနဲ့ သဘောတူထားပြီး ဖြစ်ပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံရဲ့ အကျပ်အတည်းတွေကို အာဆီယံအနေနဲ့ ထိထိရောက်ရောက် မဖြေရှင်းနိုင်သေးသရွေ့ တီမောအနေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်မှာမဟုတ်ဘူးလို့ ဝန်ကြီးချုပ် ဇာနာနာ ဂတ်စ်မို (Xanana Gusmao) က ဩဂုတ် ၃ ရက်နေ့မှာ ထုတ်ပြောထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ-Twitter

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.