သံတောင်ကြီး၊ သြဂုတ်(၂၉)

KNU တပ်မဟာ(၂)နယ်မြေ ယာဒိုဒေသထဲမှာ တိုက်ပွဲကြောင့် တစ်လကျော်ကြာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေဟာ လက်ရှိမှာ စားဝတ်နေရေး ပိုမိုကျပ်တည်းလာတာကြောင့် ကူညီပေးကြဖို့ စစ်ရှောင်အရေးကူညီနေသူတွေက မေတ္တာရပ်ခံတောင်းဆိုလိုက်ပါတယ်။

KNU တောင်ငူခရိုင်၊ တပ်မဟာ(၂)နယ်မြေ သံတောင်ကြီးမြို့နယ်၊ ယာဒိုဒေသထဲမှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲတွေပြင်းထန်ခဲ့သလို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၀ ထက်မနည်း ပြုလုပ်ခဲ့တာပါ။

တိုက်ပွဲတွေကြောင့် ယာဒိုဒေသအတွင်းရှိ ဒါရိုး၊ ကလေတ၊ တပ်ကုန်း၊ ဝါဘန်းခို၊ ဗရယ်စော်၊ ဝါသောခိုစတဲ့ ကျေးရွာတွေက ဒေသခံနှစ်ထောင်ကျော်ဟာ နီးစပ်ရာတောတောင်တွေနဲ့ ဘေးလွတ်ရာနေရာတွေမှာ တိမ်းရှောင်နေရပြီး လက်ရှိအချိန်အထိ နေရပ်မပြန်ရဲကြသေးပါဘူး။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေဟာ စစ်ရှောင်ကာလရှည်ကြာလာတာနဲ့အမျှ မိသားစုစားဝတ်နေရေး ပိုကျပ်တည်းလာပြီး အခြေခံစားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေပါတယ်။

စစ်ရှောင်အရေးကူညီပေးနေတဲ့ Tun Myanmar Donation အဖွဲ့ကတော့ ယာဒိုစစ်ရှောင်ပြည်သူတွေအတွက် ဆန်ဆီဆားငါးပိနဲ့ အချိုမှုန့်တွေရရင် ကျေနပ်ကြောင်းနဲ့ ဖြစ်နိုင်ရင် သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ အလှူရှင်တွေကူညီပေးကြဖို့ တောင်းဆိုထားပါတယ်။

စားဝတ်နေရေးခက်ခဲနေတဲ့ ယာဒိုဒေသစစ်ရှောင်တွေဟာ လက်ရှိကာလမှာ ဒေသတွင်းဒညင်းသီးပေါ် တဲ့ကာလဖြစ်တာကြောင့် နေရပ်ပြန်ပြီးသီးနှံတွေခူးချင်ကြပေမယ့် စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရမှာကို စိုးရိမ်နေတဲ့အတွက် လုံခြုံရေးပေးဖို့ မျှော်လင့်နေကြတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေထံကနေ သိရပါတယ်။

ကယန်းမျိုးဆက်သစ်လူငယ်(KNGY)အဖွဲ့ကလည်း တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ယာဒိုဒေသခံ စစ်ရှောင်ပြည်သူတွေဟာ နေရပ်ကိုအမြန်ဆုံးပြန်ချင်နေပြီး ထွက်ပြေးရစဉ်ကတည်းက အဝတ်အစား၊ စားနပ်ရိက္ခာ၊ အသုံးအဆောင်ပစ္စည်းစတာတွေ ဘာတခုမှမပါလာခဲ့တဲ့အတွက် လတ်တလောမှာ အားလုံးလိုအပ်နေတယ်လို့ ထုတ်ပြန်ပါတယ်။

ယာဒိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ခရစ်ယာန်ဘာသာရေး အဆောက်အဦးတွေအပါအဝင် နေအိမ်(၂၀)ကျော် ထိခိုက်ပျက်စီးဆုံးရှုံးသွားခဲ့ရပြီး ယာဒိုဒေသခံပြည်သူဦးရေ ၂၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ KNU တောင်ငူခရိုင်ကလည်း ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Tun Myanmar Donation

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.