ကျိုက်ထို၊ သြဂုတ်(၂၉)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဒေါင်းတောင်ကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ကြားဖြတ်တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ရဲ့ လမ်းတလျှောက် ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ကျိုက်ထိုကနေ ပဲခူးတိုင်းထဲမောင်းဝင်လာတဲ့ ကား ၆ စီးပါ စစ်ကောင်စီယာဉ်တန်းကို ကရင်အမျိုး သားလွတ်မြောက်ရေး တပ်မတော် KNLA အပါအဝင် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုအတွင်း အထိနာခဲ့တဲ့ စစ်ကောင်စီဟာ ရန်ကုန်-မော်လမြိုင်ကားလမ်းတလျှောက် စက်သေနတ်တွေနဲ့ အတွဲလိုက်ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် အင်္ဂဘိုကျေးရွာနေ ကိုအောင်လေး၊ ကိုထွန်းနိုင်အပြင် လမ်းဘေးရပ်နေတဲ့ ကုန်တင်ယာဉ်မောင်းတစ်ဦးလည်း ကျည်ရှပ်ထိမှန်ဒဏ်ရာရ အသီးသီးရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က အနည်ဆုံး ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ပေမယ့် မြေပြင်အခြေအနေ အသေးစိတ်ကို ဆက်လက်စုံစမ်းနေတယ်လို့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ် တာဝန်ရှိသူက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကြားဖြတ်တိုက်ခိုက်မှုအတွင်း လက်နက်ကြီး ထိမှန်သွားတဲ့ စစ်ကားတစ်စီးကို ကျိုက်ထိုမြို့နယ် မရမ်းချောင်းကျေးရွာအနီး ပစ်ထားခဲ့ပြီး ဒဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတော့ မှန်လုံယာဉ်နဲ့ မော်လမြိုင်စစ်ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ ခရီးသွားအန်စာတုံးယာဉ်တစ်စီးလည်း ထိခိုက်မှုရှိခဲ့ပြီး ယာဉ်ပေါ်ပါလာတဲ့ ခရီး သည် ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကြားသိရပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့ သြဂုတ် ၁၅ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်၊ သရက်ကုန်းကျေးရွာအနီးမှာ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်ထံကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.