နေပြည်တော်၊ သြဂုတ်(၂၇)

လာမယ့် ၂၀၂၅ ခုနှစ်မှာ ပြည်ပနိုင်ငံတွေကို စားသုံးဆီ တင်ပို့ရောင်းချနိုင်တဲ့ အဆင့်အထိ ရောက်ရှိအောင် ရည်မှန်းဆောင်ရွက်နေတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဩဂုတ် ၂၅ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ စီးပွားရေးရာကော်မတီ အစည်းအဝေးအတွင်း ပြောဆိုလိုက်ပါတယ်။

စစ်ခေါင်းဆောင်က ပြည်တွင်းစားသုံးဆီရဲ့ လိုအပ်ချက်ကြောင့် နှစ်စဉ်ပြည်ပကနေ အမေရိကန် ဒေါ် လာသန်း ၆၀၀ ကျော်ဖိုး တင်သွင်းနေရပြီး စားသုံးဆီကဏ္ဍမှ နိုင်ငံခြားငွေသုံးစွဲမှု များပြားလျက်ရှိတယ်လို့ ဆိုပါတယ်။

ဒါဟာ ခေတ်အဆက်ဆက် ပြည်တွင်းစားသုံးဆီ လုံလောက်မှုရှိအောင် ဆောင်ရွက်နိုင်ခဲ့ပေမယ့် ထိရောက်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိတာကိုလည်း တွေ့ရှိရတယ်ဆိုပြီး အရင်နိုင်ငံ့ခေါင်းဆောင်တွေကို စစ်ခေါင်းဆောင်က အပြစ်ဖို့ခဲ့ပါသေးတယ်။

စစ်ကောင်စီအနေနဲ့ စားသုံးဆီထုတ်လုပ်မှု မြင့်မားလာစေဖို့ နိုင်ငံ့စီးပွား ရန်ပုံငွေတွေ ထုတ်ပေးပြီး ပြည်တွင်းဆီထုတ်လုပ်မှုမြှင့်တင်ကာ ၂၀၂၅ ခုနှစ်မှာ ပြည်တွင်းစားသုံးဆီ ဖူလုံယုံသာမက ပြည်ပကို ပြန်လည်တင်ပို့နိုင်အောင် ဆောင်ရွက်နေတယ်လို့ ကြွေးကြော်ခဲ့တာပါ။

လုပ်ငန်းရှင်တစ်ဦးကတော့ ပြည်တွင်းစားသုံးဆီတွေဟာ ပြည်ပကနေ တင်သွင်းတဲ့ စားသုံးဆီထက် ဈေးနှုန်းကြီးမြင့်နေတာကြောင့် စစ်ခေါင်းဆောင်ရဲ့ပြောဆိုမှုဟာ လက်တွေ့မဖြစ်နိုင်သလို ပြည်ပကို တင်ပို့ဖို့ထက် ပြည်တွင်းမှာ အရင်ဖူလုံအောင် လုပ်ဆောင်သင့်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ပြည်တွင်းမှာ စားသုံးဆီဖူလုံဖို့အတွက်ဆိုရင် စနစ်တကျနဲ့ ရေရှည်လုပ်ဆောင်နိုင်မှသာ စားသုံးဆီ လုံလောက်စွာရရှိနိုင်ပေမယ့် လက်ရှိစားသုံးဆီ ထွက်ရှိနိုင်တဲ့ ကုန်ကြမ်းသီးနှံတွေကအစ အပြည့်အဝ စိုက်ပျိုးနိုင်ခြင်းမရှိသေးတာကြောင့် မဖြစ်နိုင်သေးဘူးလို့ သူက ဆက်ပြောပါတယ်။

စားအုန်းဆီတွေကို စစ်ကောင်စီက တစ်ပိဿာ ကျပ် ၄၃၀၀ နဲ့ ရည်ညွှန်းဈေး သတ်မှတ်ထားပေမယ့် ပြင်ပဈေးကွက်မှာတော့ စားအုန်းဆီတစ်ပိဿာကို ကျပ် ၁၁၀၀၀ ကျော်အထိ ပေါက်ဈေးရှိနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ စားအုန်းဆီတွေကို မလေးရှားနိုင်ငံက အဓိကတင်သွင်းနေရတာဖြစ်ပြီး ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံတွေက အနည်းငယ်တင်သွင်း ရောင်းချမှုရှိသလို ပြည်တွင်းမှာလည်း မြေပဲဆီ၊ နှမ်း ဆီ၊ နေကြာဆီနဲ့ တခြားအသီးအနှံထွက်ဆီတွေကို အနည်းငယ်ရောင်းချမှုရှိတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.