သိမ်ဇရပ်၊ သြဂုတ်(၂၇)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ ရွာလေးသင်္ချိုင်းလမ်းဆုံအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်မိုင်းထိပြီး ၂ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF ထံကနေ သိရပါတယ်။

စစ်ကောင်စီနဲ့ပျူစောထီး အင်အား ၃၀ နီးပါးပါတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ သြဂုတ် ၂၄ ရက်နေ့ ညနေ ၉ နာရီအချိန်ခန့်က ခြေလျင်နဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာစဉ် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ် ထောင်ထားတဲ့ တိုက်မိုင်းထိခဲ့တာပါ။

တိုက်မိုင်းထိပြီးနောက် စစ်ကောင်စီတပ်ဟာ ထိခိုက်သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကောက်ယူသွားပြီးနောက် စစ်ကြောင်းပြန်ဆုတ်သွားတယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တိုက်မိုင်းထိစဉ် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး ပျူစောထီးအဖွဲ့ဝင် ၁ ဦးနဲ့ စစ်ကောင်စီတပ်သား ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တပ်တွင်းသတင်းရင်းမြစ်ကနေ ပြန်ကြားသိရကြောင်း သူကဆိုပါတယ်။

သိမ်ဇရပ်မြို့အနီးပတ်ဝန်းကျင်ကို ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့က နယ်မြေစိုးမိုရေးအတွက် လမ်းပေါ်တက် စစ်ဆေးမှုတွေ ပြုလုပ်ထားပါတယ်။

တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့ သိမ်ဇရပ်မြို့မှာတော့ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ(၂၀၇) နဲ့ အမှတ် (၃၁၀) အမြောက်တပ်တို့ အခြေစိုက်ပြီး နေ့စဉ်ဆိုသလို ကျေးရွာတွေဘက်ကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-SAC Channel

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.