ဒီးမော့ဆို၊ သြဂုတ်(၂၇)

နိုင်ငံ့အာဏာကို လက်နက်အားကိုးနဲ့ အာဏာသိမ်းယူမှုကြောင့် ဖြစ်ထွန်းလာတဲ့ ပျက်စီးဆုံးရှုံးထိခိုက်မှု အကျိုးဆက်ရဲ့ တရားခံဟာ အာဏာသိမ်းစစ်တပ်သာဖြစ်တယ်လို့ ဒီမိုကရေစီရေးနဲ့ တော်လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီက နိုင်ငံမှာဖြစ်ပေါ်နေတဲ့ တိုက်ခိုက်မှုတွေဟာ သူတို့ကိုလက်နက်ကိုင်ဆန့်ကျင်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေက လုပ်ဆောင်နေတာလို့ ပြည်တွင်းသာမက ပြည်ပအသိုင်းအဝိုင်းတွေမှာပါ မကြာခဏစွပ်စွဲအပြစ်ဖို့လေ့ရှိပါတယ်။

လတ်တလော ပြုလုပ်ခဲ့တဲ့ နိုင်ငံဖြတ်ကျော် မှုခင်းများတိုက်ဖျက်ရေး အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးမှာ စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က မြန်မာနိုင်ငံမှာ အမည်အမျိုးမျိုးနဲ့ ဖွဲ့စည်းထားတဲ့ PDF တွေက အကြမ်းဖက်မှုတွေ လုပ်နေတယ်လို့ စွပ်စွဲပြောကြားခဲ့တာပါ။

PDF တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ၊ ရဟန်းသံဃာ၊ သီလရှင်သေဆုံးမှုတွေ ရှိခဲ့တဲ့ အပြင် ကျန်းမာရေးဆိုင်ရာ အဆောက်အဦး၊ လမ်း၊တံတား၊ လျှပ်စစ်နဲ့ ဆက်သွယ်ရေး တာဝါတိုင်/ အဆောက်အဦးတွေ ပျက်စီးဆုံးရှံးတာတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ စွပ်စွဲပြောဆိုချက်အပေါ် ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကတော့ စစ်တပ်ဟာမြေပြင်မှာ ဘုရားကျောင်း၊ စာသင်ကျောင်းတွေကို အကာအကွယ်အယူပြီး ပြည်သူပိုင်အိုးအိမ်တွေကို ဖျက်ဆီးနေတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“တကယ့်မြေပြင်မှာက ဘုရားကျောင်းတို့၊ စာသင်ကျောင်းတို့ဖျက်တာ ဘယ်သူတွေဖျက်တယ်ဆိုတာ ပြည်သူတွေ သိပြီးသားပါပဲ။ ကျွန်တော်တို့လည်း သိနေတာပါပဲ။ သူတို့ကျတော့ (စစ်တပ်) ဘုရားကို ကာဗာယူတာကိုး၊ ဘုရားကို ကာဗာယူပြီးနေတာရှိတယ်။ စာသင်ကျောင်းကို ကာဗာယူပြီး နေတာရှိတယ်။ တခြားမှာ ကာဗာယူပြီးနေတာရှိတယ်။ စစ်မြေပြင်မှာက ကျွန်တော်တို့က ပြည်သူပိုင်အိုးအိမ်တွေကို ဖျက်ဆီးတာလည်းမရှိဘူး။ မီးရှို့တာလည်း မရှိဘူး၊ နောက်ပြီးတော့ ဘာသာရေးအဆောက် အဦးတွေ ကျွန်တော်တို့ မီးရှို့ဖျက်ဆီးတာလည်း မရှိဘူး။ တကယ့်မြေပြင်မှာ ဖျက်ဆီးနေတာ သူတို့ပဲ ဖြစ်နေတယ်” လို့ သူက ဆိုပါတယ်။

ကရင်နီပြည်နယ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အပါအဝင် ပေါ်ပေါက်လာတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ဟာ စစ်တပ်ကို လက်နက်ကိုင်ခုခံတော်လှန်မှု အားကောင်းတဲ့ဒေသတစ်ခုပါ။

ဒီအခြေအနေမှာ စစ်တပ်က သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေကို မြေပြင်ထိုးစစ်တွေအပြင် လက်နက်ကြီးပစ်ခတ်တာတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကိုပါ တွင်တွင်ကျယ်ကျယ်အသုံးပြုလာတဲ့အတွက် အာဏာသိမ်း နှစ်နှစ်ခွဲအတွင်း ကရင်နီပြည်မှာ စစ်ရေး၊ နိုင်ငံရေး၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ တိုးလာနေပါတယ်။

တိုးတက်သောကရင်နီပြည်သူ့အင်အားစုရဲ့ စာရင်းတွေအရ ကရင်နီပြည်မှာ အရပ်သား ၃၇၅ ဦး သတ်ဖြတ်ခံရပြီး စစ်ရှောင်ရင်းသေဆုံးသူ ၁၄၁ ဦးအပါအဝင် လေကြောင်းတိုက်ခိုက်မှု ၅၇၂ ကြိမ်၊ သာသာရေးအဆောက်အဦးနဲ့ နေအိမ်ပျက်စီးမှု အလုံးပေါင်း ၁၆၇၀ ကျော်ရှိခဲ့ပါတယ်လို့ ဩဂုတ် ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ဒါရိုက်တာ ဦးဗညားကလည်း နိုင်ငံမှာဖြစ်ထွန်းတဲ့ အကြမ်း ဖက်မှုအားလုံးဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ထွန်းလာတဲ့ အကျိုးဆက်ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒီနိုင်ငံမှာဖြစ်ထွန်းတဲ့ အကြမ်းဖက်မှုအားလုံးက ဘယ်ကနေစလဲလို့ ပြောရင်တော့ ဒါကအရမ်းရှင်းတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဖြစ်ထွန်းလာတဲ့ အကျိုးဆက်ဖြစ်တယ်။ ဒါတောင်မှ စစ်တပ်အာဏာသိမ်းပြီးစကာလမှာ လူထုတွေ ငြိမ်းချမ်းစွာပဲ ဆန္ဒပြတောင်းဆိုမှုတွေ ဒီမိုကရေစီလမ်းစဉ်ကို ပြန်လည်ရောက်ရှိနိုင်ဖို့ ဦးတည်နိုင်တဲ့ခြေလှမ်းတွေ လှမ်းနိုင်ဖို့ တောင်းဆိုခဲ့ကြတာပဲရှိတယ်။ အဲဒီအပေါ်မှာ အကြမ်းဖက်နှိမ်နှင်းမှုကနေ စတင်ပြီးတော့ နောက်ဆုံးပိုပြီးတော့မှ ဆိုးဝါးတဲ့စစ်ရေးဘက်ကို ဦးတည်သွားတာနဲ့ အကြမ်းဖက်မှုတွေ ပိုများသွားတာပေါ့။ အဲဒါကြောင့်မို့ အဓိကတရားခံကစစ်တပ်ပဲ။ စစ်ကောင်စီ မင်းအောင်လှိုင်တို့ပဲ ဖြစ်တယ်လို့ ၁၀၀ ရာခိုင်နှုန်း ယတိပြတ် ပြောလို့ရပါတယ်ခင်ဗျ”လို့ သူက ဆိုပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကတော့ ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှုအညွှန်းကိန်းအစီရင်ခံစာကို ရည်ညွှန်းကိုးကားပြီး အကြမ်းဖက်အုပ်စုတွေက မောင်းသူမဲ့ဒရုန်းတွေကို စတင်အသုံးပြုလာတာဟာ အနာဂတ်အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာတယ်လို့ အစည်းအဝေးမှာ ထပ်ပြောပါတယ်။

ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) စစ်ရေးတာဝန်ခံကတော့ စစ်တပ်အာဏာမသိမ်းခင် လက်ရှိဖြစ်ပျက်နေတဲ့ကိစ္စရပ်တွေ ဖြစ်ခဲ့ဖူးသလားဆိုတာ စစ်ကောင်စီကို မေးခွန်းထုတ်ပြီး သတ္တိရှိရှိ တာဝန်ယူတာဝန်ခံဖို့ တိုက်တွန်းပါတယ်။

“ကျွန်တော်တစ်ခုပဲ ပြန်မေးချင်တာက မင်းအောင်လှိုင် အာဏာမသိမ်းခင်က အခုလိုကိစ္စတွေ ဖြစ်ခဲ့ဖူးသလား။ အာဏာသိမ်းတာတောင် သတ္တိရှိရှိ အာဏာသိမ်းပါတယ် မကြေညာရဲဘဲ အာဏာထိန်းပါတယ်တို့ ဘာတို့နဲ့ ပန်းနုသွေးနေတဲ့ စစ်သားရင့်မာကြီးတွေက အခုဘယ်သူ့ကို တိုင်တန်းမျှော်ကိုးနေတာလဲ။ ဘာတွေဘာကြောင့် ဖြစ်တယ်ဆိုတာ သူတို့ကိုယ်တိုင်လည်း သိတယ်။ ကိုယ့်ကိုယ်ကို ပြန်လိမ်တာက အရူးဆုံးလုပ်ရပ်။ အာဏာသိမ်းပါတယ်လို့တောင် သတ္တိရှိရှိမပြောရဲတဲ့လူတွေက ဘယ်သူတွေ ဘာကြောင့်သေနေပါတယ်လို့ သတ္တိရှိရှိအမှန်အတိုင်း ဝေဖန်သုံးသပ်ပြောဆိုရဲပါ့မလား။ သတ္တိရှိရှိ ကိုယ့်လုပ်ရပ်ကို တာဝန်ယူတာဝန်ခံလိုက်စမ်းပါ”လို့ သူက ဆိုပါတယ်။

ရွေးကောက်ပွဲမှာ မဲမသမာမှုအကြောင်းပြချက်နဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို ဖမ်းဆီးထားတဲ့ စစ်ကောင်စီဟာ ငြိမ်းချမ်းစွာဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ ပြည်သူလူထုတွေကို လက်နက်သုံးပစ်ခတ်ဖြိုခွင်းပြီး ဖမ်းဆီးထောင်ချတာတွေ လုပ်ဆောင်ခဲ့တာပါ။

အဲဒီအတွက်ကြောင့် ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတွေနဲ့ အပြစ်မဲ့ပြည်သူတွေဟာ လက်နက်ကိုင်လမ်းစဉ်ကို မလွှဲရှောင်သာ ရွေးချယ်လျှောက်လှမ်းလာခဲ့ကြပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းဖို့ လက်နက်ကိုင်တော်လှန်နေကြတာ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကတော့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေအပါအဝင် အပြစ်မဲ့အရပ်သားတွေ၊ ထောက်ပံ့ကူညီသူတွေကို နည်းလမ်းပေါင်းစုံနဲ့ ပြိုကွဲအောင် သွေးထိုးနှိပ်ကွပ်မှုတွေ လုပ်ဆောင်နေတာလို့ စစ်အာဏာရှင်ဆန့်ကျင်သူတွေက ဆိုကြပါတယ်။

“အဓိကတော့ ကျွန်တော်တို့ ညီညွတ်ရေးပြိုကွဲလို့ မဖြစ်ဘူး။ ညီညွတ်ရေးပြိုကွဲရင် နွားကွဲရင်ကျားဆွဲမယ်၊ ဆွဲမယ့်ကျား တစ်တိုင်းပြည်လုံးကို ရက်ရက်စက်စက်ဖိနှိပ်နေတာ ဘယ်သူတွေလဲဆိုတာ ပြည်သူအားလုံးသိနေတာဖြစ်တဲ့အတွက် ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်ကို မျက်ခြေမပြတ်ခံဘဲနဲ့ ကျွန် တော်တို့ ရှေ့ဆက်ကြဖို့လိုပါတယ်”လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

လက်ရှိမှာတော့ နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုတွေနဲ့အတူ နိုင်ငံနှံ့နီးပါးစစ်မျက်နှာဖွင့်ထားရတဲ့ စစ်ကောင်စီကို ရရာနည်းလမ်းနဲ့ ဆန့်ကျင်တော်လှန်နေတဲ့ ဒီမိုကရေစီလိုလားသူ ပြည်သူတွေရဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးဟာ အားကောင်းနေဆဲ ဖြစ်ပါတယ်။

သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP Myanmar က အာဏာသိမ်းနှစ်နှစ်ခွဲကျော်ကာလအတွင်း နိုင်ငံတဝန်းမှာ လက်နက်ကိုင်တိုက်ပွဲ ၁၀၀၀၀ ကျော်အထိ ဖြစ်ပွားထားတယ်လို့ သြဂုတ် ၁၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.