နေပြည်တော်၊ သြဂုတ်(၂၇)
နိုင်ငံတော်အာဏာအရပ်ရပ်ကို လက်နက်အားကိုးနဲ့ သိမ်းယူထားတဲ့ စစ်ကောင်စီလက်ထက်မှာ ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာတဲ့အတွက် အရပ်သားပြည်သူတွေသာမက စစ်ကောင်စီကို ထောက်ခံသူတွေနဲ့ တပ်တွင်းမှာပါ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။
တပ်အင်အားပြုန်းတီးမှုအပြင် စိတ်ဓာတ်ရေးရာပါ ကျဆင်းနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တဖက်မှာတော့ ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့အတူ အမျိုးမျိုးသော လစာငွေဖြတ်တောက်မှုတွေကြောင့် မိသားစုစားဝတ်နေရေး ပြဿနာကို အကြီးအကျယ်ရင်ဆိုင်နေရပါတယ်။
သံလွင်တိုင်းမ်က စုံစမ်းမေးမြန်းမှုတွေအရ လစာကျပ်နှစ်သိန်းတစ်သောင်းရတဲ့ ရဲဘော်တစ်ဦးရဲ့ လစာဟာ အသက်အာမခံကြေး၊ ဘဏ်စုငွေ၊ သာရေး၊ နာရေး၊ မီတာခ၊ ကိုဗစ်ချေးငွေ ၂ လစာ ပြန်ဆပ်ငွေအပါအဝင် ဓမ္မစကြာဝတ်စုံကြေးအထိ အကြောင်းအမျိုးမျိုးပြကာ လစာဖြတ်တောက်မှုကြောင့် တစ်လလျှင် ကျပ် ၄၅,၀၀၀ သာ ကျန်ရှိတာ ဖြစ်ပါတယ်။
အဲဒီလိုအခြေအနေမှာ ရှေ့တန်းထွက် ရဲဘော်ရဲ့မိသားစုတွေဟာ လစာနဲ့မလုံလောက်တာကြောင့် တပ်တွင်းသက်သာဆန်ရယူတာ၊ ၂၀ အတိုးနဲ့ ချေးငွေတွေယူပြီး မိသားစုစားဝတ်နေရေးကို ဖြေရှင်းနေရသလို မုန့်တောင်ဝယ်မစားနိုင်တော့ဘူးလို့ စစ်သည်တစ်ဦးရဲ့ ဇနီးဖြစ်သူက ဆိုပါတယ်။
ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ လစာငွေမလုံလောက်မှု ပြဿနာကို တပ်ရင်းမှူးအထိ တင်ပြတာတွေ ရှိပေမယ့် ဘာမှဖြေရှင်းဆောင်ရွက်နေတာမရှိဘူးလို့ စစ်တပ်နဲ့နီးစပ်သူတစ်ဦးက သံလွင်တိုင်မ်းကို ပြောပါတယ်။
“လက်ရှိ အရာရှိတွေကိုယ်တိုင်ကိုက ဖြစ်နေပြီ ကြုံနေပြီဆိုတဲ့အခါကျတော့ ဒါတွေကိုသူတို့ တင်ပြတယ်။ တင်ပြတော့ တပ်ရင်းမှူးတွေဘာတွေ ကိုယ်တိုင်ကလည်း ဒါတွေကိုသိတယ်။ ဒါပေမဲ့သိပေမဲ့ ပြဿနာကအပေါ်ကို မတင်ပြရဲဘူး။ အဲဒီမှာနားလည်တယ်၊ နားလည်ကြောင်းပဲပြောနေတာ။ ဒီလိုအခက်အခဲ ဖြစ်တာနားလည်တယ်။ ကျောသပ်နေတဲ့အဆင့်ပေါ့။ သူတို့ကိုယ်တိုင်လဲသိတယ်။ သူတို့အနေနဲ့အပေါ်ကိုတင်ပြရဲတဲ့သူမရှိဘူး။ ဘာတွေလုပ်နေရလဲဆိုရင် တပ်မတော်သားတွေက ကျွန် တော်တို့ဒီဘက်အခေါ်ဆိုရင် ဘောမတွေပေါ့ဗျာ။ ဘောမတွေကို သွားရင်ဖွင့်တယ်။ ဘောမတွေက တပ်တွင်းအခြေအနေတွေကို လိုင်းပေါ်မှာ တင်လာတာ တွေတွေ့လာရတယ်။ အထဲကလူတွေကလဲ ပေါက်ကွဲနေကြပြီ” လို့ ဆိုပါတယ်။
တပ်မိသားစုရဲ့ စားဝတ်နေရေးအတွက် စစ်ကောင်စီဟာ တပ်တွင်းရိက္ခာဝေပေးတာတွေရှိပေမယ့် အဲဒီရိက္ခာတွေအတွက် လစာကနေ အပြင်ပေါက်ဈေးအတိုင်း ငွေဖြတ်တာတွေ ရှိနေတယ်လို့ တပ်မိသား စုဝင်တွေက ဆိုကြပါတယ်။
တဖက်မှာတော့ တိုးမလာတဲ့ လစာငွေနဲ့အတူ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို တပ်မိသားစုတွေအတွင်း ညည်းညူသံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေတာပါ။CDM ဗိုလ်ကြီးထက်မြက်ကတော့ ကုန်ဈေးနှုန်းကြီးမြင့်မှု ဂယက်နဲ့အတူ တပ်တွင်းအကြွေးပြဿနာတွေကြောင့် တပ်ပြေးတွေပိုများလာနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အဓိကကတော့ စစ်တပ်ရဲ့လုပ်ရပ်တွေကိုမခံနိုင်တဲ့အဆုံးပေါ့နော်။ ဒီဘက်တွေ ကူးပြောင်းလာဖို့ ကြိုးစားတဲ့သူတွေ ပိုများလာနိုင်တယ်။ ဒီထက်ပိုပြီး အဆင်ပြေမယ့်လမ်းတွေကို ရှာလာနိုင်တယ်။ ဒါမှမဟုတ်လည်း ဘဝပျက်တဲ့လူတွေ ပိုများလာနိုင်တယ်။ အထဲထဲမှာက အကြွေးတွေများ၊ ပြဿနာတွေတက် မရှင်းနိုင်လို့ထွက်ပြေးသွားတဲ့ လူတွေလည်းရှိတယ်။ ထွက်ပြေးသွားပြီးတော့မှ အဖမ်းခံရမှာဆိုးလို့ နောက်ထပ်တပ်တစ်တပ်မှာသွားပြီး ပြန်ဝင်တဲ့လူတွေလည်းရှိတယ်။ အဲ့ဒီလိုလုပ်တဲ့လူတွေ ပိုများလာနိုင်တာပေါ့နော်” လို့ ဆိုပါတယ်။
ဒါပေမဲ့ တပ်တွင်း ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကြောင့် တပ်ပုန်ကန်တာနဲ့ ဆူပူအုံကြွအောင်လှုပ်ဆော်ရင် ထောင်ဒဏ်အပြင် သေဒဏ်တွေပါ ပြစ်ဒဏ်ချမှတ်ခံနိုင်တာကြောင့် အုံကြွမှုဖြစ်လာဖို့ မရှိဘူးလို့ CDM ဗိုလ်ကြီးထက်မြက်က သုံးသပ်ပါတယ်။
ပြီးခဲ့တဲ့လတုန်းကလည်း ပဲခူးတိုင်းရဲ့ တပ်ရင်းတစ်ခုမှာ ကုန်ဈေးနှုန်းကြီးမြင့်မှုအပေါ် စစ်တပ်ကို ဝေဖန်သူတချို့ ဖမ်းဆီးခံလိုက်ရတယ်လို့ တပ်တွင်းသတင်းအရင်းအမြစ်တွေက ပြောဆိုကြပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဆန်အပါအဝင် အခြေခံစားသောက်ကုန်ဈေးနှုန်းတွေဟာ အာဏာသိမ်းတဲ့ နှစ်နှစ်ခွဲကျော်ကာလအတွင်း ပစ္စည်းတမယ်ကို ၃ ဆကနေ ၄ ဆလောက်အထိ ဈေးနှုန်းမြင့်တက်လာသလို ဆန်ကြမ်းအုပ်စု ဧည့်မထဆန်ကလည်း တစ်အိတ်ကို ကျပ် ၈၀၀၀၀ လောက်အထိ ပေါက်ဈေး ရှိနေတာပါ။
ကုန်ဈေးနှုန်းကြီးမြင့်မှုကို တပ်ထောက်ခံသူတွေကိုယ်တိုင် မေးခွန်းထုတ်တာတွေ ရှိနေပေမယ့် စစ်ကောင်စီကတော့ ကုန်ဈေးနှုန်းကြီးမြင့်မှုဟာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ငွေကြေဈေးကစားသူတွေကြောင့်ဖြစ်တယ်လို့ အပြစ်ဖို့ခဲ့ပါတယ်။
တဖက်မှာတော့ စစ်ကောင်စီဟာ ကုန်ဈေးနှုန်းကြီးမြင့်မှု ပြဿနာကို ဖြေရှင်းဖို့ ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီကို ဖွဲ့စည်းထားပေမယ့် လက်ရှိအချိန်ထိ ကုန်ဈေးနှုန်းကျဆင်းအောင် ဆောင်ရွက်နိုင်ခြင်း မရှိပါဘူး။
တပ်တွင်းအရေးစောင့်ကြည့်သူတွေကတော့ ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့အတူ တပ်တွင်းအခြေအနေတွေကို စစ်ကောင်စီအနေနဲ့ မထိန်းနိုင်ရင် မိသားစုစားဝတ်နေရေးအတွက် CDM ဝင်လာမယ့် တပ်မတော်သားတွေ ပိုများလာနိုင်တယ်လို့ သုံးသပ်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CINS