နေပြည်တော်၊ သြဂုတ်(၂၆)

နိုင်ငံမတည်ငြိမ်တာကို အကြောင်းပြပြီး အာဏာဆက်ယူထားတဲ့ စစ်ကောင်စီဟာ ရွေးကောက်ပွဲပြုလုပ်ဖို့ မရေရာပေမယ့် အီလက်ထရောနစ်မဲပေးစက်နဲ့ လက်တွေ့စမ်းသပ်မှုကိုတော့ ဝန်ကြီးဌာနအလိုက် ခပ်စိပ်စိပ်လုပ်ဆောင်လာနေပါတယ်။

စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့တဲ့ ဩဂုတ် ၁၄ ရက်နေ့ကစပြီး အီလက်ထရောနစ်မဲပေးစက်နဲ့ ပတ်သက်ပြီး လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးတာကို နေ့စဉ်ရက်ဆက် ပြုလုပ်နေတာပါ။

ကောင်စီအဖွဲ့ဝင်တွေ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးအပါအဝင် ပြည်ထဲရေး၊ ပြန်ကြားရေး၊ ပညာရေး၊သိပ္ပံနဲ့ နည်းပညာစတဲ့ ဝန်ကြီး ဌာနရှိ သက်ဆိုင်ရာ ပြည်ထောင်စုဝန် ကြီးတွေအပါအဝင် ရာနဲ့ချီအရာထမ်းအမှုထမ်းတွေက မဲပေးစက်နဲ့ စမ်းသပ်မဲပေးခဲ့ကြတယ်လို့ စစ်ကောင်စီ ဝါဒဖြန့်သတင်းစာကနေ နေ့စဉ်ဆိုသလို ထုတ်ပြန်နေပါတယ်။

ဒီလိုမျိုး အီလက်ထရောနစ်မဲပေးစက်နဲ့လက်တွေ့စမ်းသပ်မဲပေးတာကို ပြုလုပ်နိုင်ဖို့ ရွေးကောက်ပွဲကော်မရှင်ကနေ ပါတီမှတ်ပုံတင်ခွင့်ပြုချက်ရရှိထားတဲ့ နိုင်ငံရေးပါတီတွေကိုလည်း ဖိတ်ကြားထားတယ်လို့ နိုင်ငံရေးပါတီတွေဆီက သိရပါတယ်။

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) နဲ့ ရခိုင့်ဦးဆောင်ပါတီ ဥက္ကဌတို့ကလည်း သူတို့ပါတီတွေကို လာမယ့် စက်တင်ဘာ ၅ ရက်နေ့မှာ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမမှာ တစ်ပါတီ လေးယောက်ဆီတက်ပေးဖို့ ဖိတ်ကြားထားတယ်လို့ သံလွင်တိုင်းမ်ကို အတည်ပြုပါတယ်။

ရွေးကောက်ပွဲလေ့လာ စောင့်ကြည့်သူတစ်ဦးကတော့ နိုင်ငံမှာလျှပ်စစ်မီးမမှန်တဲ့ ပြဿနာတွေနဲ့ မဲဘယ်လို ပေးရမယ်ဆိုတာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေတောင် အသိပညာ ပြည့်ပြည့်ဝဝ မလုပ်နိုင်သေးတာကို စစ်ကောင်စီက အီလက်ထရောနစ်နဲ့မဲပေးဖို့ လုပ်တာဟာ အိပ်မက်မက်နေတာလို့ ဝေဖန်ပါတယ်။

“ကျွန်တော်တို့ နိုင်ငံက မီးကမမှန်တာနဲ့ အင်တာနက် မကောင်းတာနဲ့ အဲဒီပြဿာနာတွေဖြစ်နေတဲ့အချိန်မှာ မဲပေးတဲ့ပုံစံတောင်မှ တချို့ဆို မဲဘယ်လိုပေးရမယ်ဆိုတာ မသိတဲ့သူတွေက မသိသေးဘူး။ ဒါတောင်မှ အသိပညာပေးရေးတွေ ပြည့်ပြည့်ဝဝမလုပ်နိုင်ခဲ့သေးဘူး။ အဲဒီအထွေထွေရွေးကောက်ပွဲ သုံးကြိမ်တောင်မှ မလုပ်နိုင်သေးတာကို သူတို့ကနေ အီလက်ထရောနစ်နဲ့ မဲပေးမယ်ဆိုတာ အိပ်မက်မက်ပြီး အိပ်မက်အကြောင်းပြောသလို ဖြစ်နေတယ်”လို့ သူက ဆိုပါတယ်။

စစ်ကောင်စီကတော့ မိမိတို့ ရည်မှန်းချက်ဟာ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးအတွက် လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးပဲလို့ ဩဂုတ် ၂၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။

ဒါပေမယ့် ရွေးကောက်ပွဲပြုလုပ်နိုင်ဖို့ ရက်အတိအကျကိုတော့ စစ်ကောင်စီက ကတိမပေးနိုင်ခဲ့ဘဲ နောင်လာမယ့် ရွေးကောက်ပွဲအတွက် မဲပေးပိုင်ခွင့်ရှိသူတွေရဲ့ စာရင်းကို အလေးထားဆောင်ရွက်နေတယ်လို့သာ ပြောကြားခဲ့တာပါ။

နိုင်ငံရေးလေ့သာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ လက်ရှိအခြေအနေဟာ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေ လုပ်နိုင်တာဖြစ်စေ၊ မလုပ်နိုင်တာဖြစ်စေ ရွေးကောက်ပွဲကျင်းပမယ့် ရည်ရွယ်ချက်ကိုတော့ စစ်ကောင်စီ လက်လွှတ်မှာမဟုတ်ဘူးလို့ ထောက်ပြပါတယ်။

“ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လှုပ်ရှားမှုတွေ လုပ်နိုင်သည်ဖြစ်စေ၊ မလုပ်နိုင်သည်ဖြစ်စေ ရွေး ကောက်ပွဲကျင်းပမယ့် ရည်ရွယ်ချက်ကိုတော့ သူတို့ကလက်လွှတ်မခံပါဘူး။ ဆက်ပြီးတော့သူတို့က ညွှန်ကြားပြီး လှုပ်ရှားမှုတွေဖြစ်အောင် လုပ်နေတာပါပဲ။ ဒါပေမယ့် အဲဒီလှုပ်ရှားမှုတွေက ရွေး ကောက်ပွဲတစ်ရပ်ကျင်းပဖို့ အထောက်အကူမပြုပါဘူး။ အီလက်ထရောနစ်စနစ်နဲ့ ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့ကိစ္စ ဘယ်တိုင်းပြည်ကမှ လက်မခံပါဘူး”လို့ သူကဆိုပါတယ်။

တစ်ဖက်မှာ စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ နိုင်ငံရေးပါတီ ၆၀ ကျော် မှတ်ပုံတင်ခွင့် လျှောက်ထားကြပေမယ့် လက်ရှိမှာတော့ ပါတီ ၃၆ ခုကိုသာ မှတ်ပုံတင်ခွင့်ပြုပေးထားတာပါ။

တိုင်းရင်းသားအင်အားကြီး နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ ရခိုင်အမျိုးသားပါတီကတော့ ဒီကနေ့အထိ ပါတီမှတ်ပုံတင်ခွင့် မကျသေးဘူးလို့ ပါတီဥက္ကဌ ဦးသာထွန်းလှက သံလွင်တိုင်မ်းကို ပြောပါတယ်။

“အင်အားကြီးထွားမယ့် ပါတီတွေကို ပိုလို့စိစစ်မှုက များများလုပ်နေတဲ့အခြေအနေရှိတယ်လို့ သုံးသပ်မိတယ်။ တချို့ပါတီတွေဆိုရင် အလွယ်တကူချပေးလိုက်တဲ့ပုံစံမျိုးလည်း ရှိတယ်လို့ မြင်မိတယ်။ အဲဒါကြောင့် အခုလိုရက်ကြာနေတော့က အင်အားရှိတဲ့ပါတီတွေကို စိစစ်မှုပိုမိုလုပ်နေတဲ့ အနေအထားရှိတယ်လို့ ကျွန်တော်သုံးသပ်မိတယ်”လို့ သူက ဆိုပါတယ်။

စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အခုနှစ်ဇန်နဝါရီမှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြဌာန်းခဲ့ပြီး ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်တဲ့ ပါတီ ၄၀ ကို ဖျက်သိမ်းကြောင်း ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ ကာလုံအစည်းအဝေးမှာ စစ်ခေါင်းဆောင်က ရွေးကောက်ပွဲလုပ်နိုင်တဲ့ အခင်းအကျင်းနှစ်ရပ်ကို တင်ပြခဲ့ပြီး ပထမတစ်ခုက လက်နက်ကိုင်တိုက်ခိုက်မှု၊ မတည်ငြိမ်မှုတွေ ဖြစ်နေတဲ့နေရာတွေကို ချန်လှပ်ပြီး ရွေးကောက်ပွဲလုပ်တာ၊ ဒုတိယတခုကတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ မဖြစ်မနေရွေးကောက်ပွဲ ပြုလုပ်ဖို့ ဖြစ်ပါတယ်။

အဲဒီအခင်းအကျင်းနှစ်ရပ်လုံးမှာတော့ နယ်မြေတည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိဖို့ အဓိကကျနေတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အကြောင်းပြခဲ့တာပါ။

မသေချာမရေရာမှုတွေ များလွန်းနေတဲ့ စစ်ကောင်စီရဲ့ နိုင်ငံရေးထွက်ပေါက်ဖြစ်တဲ့ ရွေးကောက်ပွဲကို တစထက်တစ မြန်နှုန်းမြင့်လာနေတဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးတိုက်ပွဲကြားမှာ ဒီမိုကရေစီအင်အားစုတွေကတော့ လက်မခံဘူးလို့ အတိအလင်းထုတ်ပြောထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.