မော်လမြိုင်၊ သြဂုတ်(၂၅)

မွန်ပြည်နယ်အတွင်းက အငှားယာဉ်မောင်းတွေဟာ စက်သုံးဆီဈေးနှုန်း အဆမတန်ကြီးမြင့်မှုနဲ့အတူ ခရီးသည်ရရှိမှု သိသိသာသာကျဆင်းလာတဲ့အတွက် ရပ်တည်ဖို့ မိုမိုခက်ခဲလာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

အငှားယာဉ်မောင်းတွေဟာ စစ်တပ်အာဏာသိမ်းတဲ့ နှစ်နှစ်ခွဲကျော်ကာလအတွင်း စက်သုံးဆီဈေးနှုန်း ၄ ဆနီးပါး မြင့်တက်လာတာ၊ အရင်လို ခရီးသည်စီးနင်းမှု မရှိသလောက်နည်းပါးလာတာကြောင့် ဆက်လက်ရပ်တည်ဖို့ အခက်ကြုံနေရတာပါ။

ယာဉ်မောင်းလုပ်ငန်းမှာ အဓိကအသုံးပြုနေရတဲ့ စက်သုံးဆီဈေးနှုန်းဟာ ၉၅ ဓါတ်ဆီတစ်လီတာကို ကျပ် ၂၄၅၀ ကျော်၊ ၉၂ ဓါတ်ဆီကလည်း ကျပ် ၂၃၀၀ ကျော်နဲ့ အမြင့်ဈေးမှာပဲ ဆက်ရှိနေတာပါ။

စက်သုံးဆီဈေးနှုန်းတွေ ကြီးမြင့်နေပေမယ့် ခရီးသည်တွေဆီကလည်း ငှားရမ်းခအများကြီး တိုးကောက်လို့ မရတဲ့အတွက် ဆက်လက်ရပ်တည်ဖို့ ခက်ခဲလာတယ်လို့ အငှားယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

“ပိုပြီးကျပ်တည်းလာတယ်။ ပုံမှန် (၂၀၀၀၀) မောင်းနေကြဆိုရင် ဆီ(၁၀၀၀၀)လောက် ထည့်ရင် (၁၀၀၀၀) လောက်ကျန်တာပေါ့။ အခုဟာက (၁၀၀၀၀)တောင် မမောင်းရဘူးဗျာ၊ တစ်နေ့ကိုမှ (၈၀၀၀)၊ (၁၀၀၀၀) ဆိုတော့ ဆီဈေးနှုန်းကတက်တော့ ဆီပြန်ထည့်ရတာနဲ့ အိမ်အတွက်ကို စားဖို့အတွက်၊ ကလေးတွေအတွက်ကို လက်ထဲမှာပြန်ပါသွားရင် သုံးလေးထောင်လောက်နဲ့ ဆိုတော့ ပိုပြီးရပ်တည်ရခက်တယ်ဗျာ။ ဒါပေမယ့် ခရီးသည်တွေကိုတော့ ဒီ(၁၀၀၀)တန် ခရီးစဉ်ကအများဆုံး။ ခရီး စဉ်တစ်ခုက အများဆုံးတင်ရင် (၅၀၀) လောက်ပဲ တင်လို့ရတယ်၊ (၁၀၀၀)တန်ခရီးကို အခုဆီဈေးတက်တော့ (၁၅၀၀) ယူတယ်ဗျာ။ (၃၀၀၀) လောက်ဆိုလည်း ဘယ်သူမှ မစီးတော့ဘူး၊ အများကြီးကွာသွားတာပေါ့။ ဆီဈေးတက်တော့ ပိုပြီးတော့ကျပ်တည်းတာပေါ့၊ အရင်ကကြက်သားဟင်းစားမယ့်နေ ရာမှာ ဘဲဥတောင်အနိုင်နိုင်ဖြစ်နေပြီ”လို့ ဆိုပါတယ်။

ခရီးသည်စီးနင်းမှုနည်းပါးတာကို ရင်ဆိုင်နေရတဲ့ အငှားယာဉ်မောင်းတွေဟာ စက်သုံးဆီဈေးနှုန်း ကြီးမြင့်မှုကြောင့် တစ်ခါပြေးဆွဲပြီးတိုင်း စက်သုံးဆီပြန်ထည့်ဖို့တောင် အခက်အခဲရှိလာတယ်လို့ သူက ဆက်ပြောပါတယ်။

နောက်ထပ် အငှားယာဉ်မောင်းတစ်ဦးကလည်း စက်သုံးဆီဈေးနှုန်း မြင့်တက်နေတာကြောင့် ခရီးသည်တွေနဲ့ ဈေးနှုန်းညှိနှိုင်းပြီး သွားလာနေရသလို စက်သုံးဆီဈေးနှုန်း ထပ်မံမြင့်တက်ပါက လုပ်ငန်းရပ်နားရတော့မယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“လက်ရှိက ဆီဈေးတွေတက်၊ ခရီးသည်ကလည်း မစီးနိုင်ဘူးလေ။ ကျွန်တော်တို့ကလည်း ဈေးကိုပြေလည်အောင် ပြောပြပြီးတော့သွားတယ်။ တချို့ကမသွားတော့ အခုဟာက အမောင်းနှေးသွားတာပေါ့။ ဆီဖိုးနဲ့အခါတိုင်းထက် ပိုမောင်းနေရတာပေါ့။ မမောင်းလို့ကလည်း မရဘူးလေ။ စီးမယ့်သူကနည်းသွားပြီ။ တော်ယုံတန်ယုံ ခရီးဆိုလည်းမစီးတော့ဘူး။ ဆီကတစ်နေ့တစ်ခါ ဈေးတက်နေတယ်။ ကိုယ်ကဒီဟာမလုပ်ရင်လည်း အလုပ်လုပ်ဖို့က နည်းနည်းအခက်အခဲ ရှိတယ်လေ။ ရပ်နားရမယ့် အ ဆင့်ရောက်သွားမှာပေါ့။ ဆီ တအားဈေးတက်သွားရင်တော့လည်း စားဝတ်နေရေးအတွက် အခက်အခဲတွေတော့ ဖြစ်လာမှာပေါ့”လို့ ဆိုပါတယ်။

လက်ရှိမှာ အငှားယာဉ်မောင်းတချို့ဟာ စက်သုံးဆီဈေးနှုန်း ကြီးမြင့်မှုကြောင့် ဝင်ငွေနဲ့ထွက်ငွေ မမျှတဲ့အတွက် အလုပ်တွေ ရပ်နားလာတာရှိသလို တချို့တွေကလည်း လုပ်ငန်းပြောင်းလဲ လုပ်ကိုင်လာကြတာရှိတယ်လို့ သိရပါတယ်။

တဖက်မှာတော့ စစ်ကောင်စီက မီနီအိုဝေ သုံးဘီးအငှားယာဉ်တွေကို လိုင်စင်အနက်မှ လုပ်ငန်းသုံး လိုင်စင်အနီကို အတင်းအကျပ် ပြောင်းလဲခိုင်းတာတွေရှိသလို မပြောင်းလဲပါက လမ်းတွေမှာ စစ်ဆေးဖမ်းဆီးပြီး ဒဏ်ငွေရိုက်တာတွေရှိတယ်လို့ အငှားယာဉ်မောင်းတွေက ဆိုကြပါတယ်။

လုပ်ငန်းသုံးလိုင်စင်အနီကို ပြောင်းလဲဖို့အတွက်ဆိုရင်လည်း အနည်းဆုံး ကျပ် ၃ သိန်းကနေ ကျပ် ၄ သိန်းဝန်းကျင် ကုန်ကျနေပြီး လက်ရှိကာလ စက်သုံးဆီနဲ့ စားဝတ်နေရေး အကျပ်အတည်းတွေကြောင့်လည်း အငှားယာဉ်မောင်းတွေအတွက် ပိုပြီးခက်ခဲလာတယ်လို့ သိရပါတယ်။

အငှားယာဉ်မောင်းတွေဟာ အာဏာသိမ်းကာလအတွင်း တရားဥပဒေစိုးမိုးမှု မရှိတော့တာနဲ့ မလုံခြုံမှု ပြဿနာတွေကို ရင်ဆိုင်ကြုံတွေ့နေရပြီး မကြာခဏဆိုသလို ပစ္စည်းလု၊ ရိုက်နှက်သတ်ဖြတ်မှုတွေကိုလည်း ခံနေရတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.